ရာသီဥတု အေးသောအခါ

ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ ရာသီဥတု သဘောတွေအရ ဒီရက်ပိုင်းအတွင်း အအေးပိုတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ မိုးလေဝသ ခန့်မှန်းချက်တချို့မှာလည်း ၂၃ ရက်နေ့လောက်အထိ အအေးပိုလိမ့်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် တရုတ်ပြည်မကြီးရဲ့ ကုန်းတွင်းပိုင်းမှာလည်း အအေးလွန်ကဲမှုတွေကြောင့် လေဖိအားများ ရပ်ဝန်းတွေ ဖြစ်ပေါ်နေပြီး လေပြင်းတွေ တိုက်ခတ်လျှက်ရှိပါတယ်။ ဒီလေပြင်းတွေဟာ မြန်မာနိုင်ငံတောင်ပိုင်းထိတောင် ရောက်ရှိတတ်ပါတယ်။ ဘာပဲပြောပြော ဒီရက်ပိုင်း အအေးပိုတဲ့အပြင် လေလည်း ပိုတိုက်တာတော့ အမှန်ပင်။

အအေးပိုနေတဲ့ ဒီလို အချိန်တွေမှာ ကျန်းမာရေးအတွက် ဘာတွေဖြစ်လာနိုင်ပါသလဲ ။  ပူလွန်း အေးလွန်းတဲ့ အခြေအနေတွေဟာ ကျန်းမာရေးကိုလည်း ထိခိုက်မှုတွေ ရှိပါတယ်။  WHO ရဲ့ စစ်တမ်းတွေအရ UK မှာ အအေးလွန်ကဲတဲ့ ပြဿနာတွေကြောင့် သက်ကြီးရွယ်အို သေဆုံးမှုဟာ ၂၀၀၄ ကနေ ၂၀၀၈ ခုနှစ်အတွင်းမှာဆို ၁ သိန်း ၃ သောင်းလောက်တောင် ရှိခဲ့ပါတယ်။

လူတစ်ယောက်ဟာ ကျန်းမာစေဖို့ ပတ်ဝန်းကျင်က အပူချိန်နဲ့ သဟဇာတဖြစ်အောင် နေရပါတယ်။ ပူတဲ့အခါမှာ ခန္ဓာကိုယ်က အပူချိန်တွေကို လျော့ချပေးဖို့ ချွေးထွက်တယ် ၊ နှလုံးခုန်မြန်တယ် ၊ အသက်ရှူတွေ မြန်လာပါတယ်။ အရမ်းပူလွန်းတဲ့အခါမှာ အပူရှပ်တတ်ပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။

ဒီလိုပါပဲ အေးတဲ့အခါမှာလည်း ခန္ဓာကိုယ်ထဲမှာ ထွက်နေတဲ့ အပူဓာတ်တွေဟာ ခဏလေးနဲ့ ဆုံးရှုံးသွားတတ်ပါတယ်။ အဲဒီအခါမှာ hypothermia လို့ ခေါ်တဲ့ ကိုယ်တွင်းအပူလျော့နည်းတဲ့ ပြဿနာတွေ တွေ့ကြုံရပါတယ်။ အေးတဲ့အခါမှာ လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးလွှတ်ကြောတွေ သွေးပြန်ကြောတွေ ကျဉ်းတတ်ပါတယ်။ အဲဒီ့အတွက် ခြေဖျားလက်ဖျားတွေ အေးရခြင်း ဖြစ်ပါတယ်။

ခန္ဓာကိုယ်အတွင်းပိုင်းမှာလည်း လိုအပ်တဲ့ အပူဓာတ်ကို ရရှိဖို့ နှလုံးက ပိုအလုပ်လုပ် ရပါတယ်။ အလုပ်လုပ်ရဖန်များတဲ့ နှလုံးကြွက်သားတွေဟာ မောပန်းလာပြီး နှလုံးခုန် မမှန်တာတွေ ၊ နှလုံးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်လည်း ဆောင်းတွင်းမှာ ရုတ်တရက် သေဆုံးတာ ၊ လေဖြတ်တာတွေ ဖြစ်ကြတာပါ။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ ပိုဖြစ်တတ်ပါတယ်။

ဒါ့အပြင် အအေးလွန်ကဲခြင်းတွေကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေလည်း ပို အဖြစ်များနိုင်ပါတယ်။ အဆုတ်အအေးမိခြင်း ၊ လေပြွန်ရောင်ရမ်းခြင်းတွေ ပိုဖြစ်နိုင်သလို နှာစေးချောင်းဆိုးတွေ ၊ အအေးမိတာတွေလည်း ပိုဖြစ်နိုင်ပါတယ်။ ပြီးတော့ အသားပတ်တာတွေ ၊ အသားအရေ ခြောက်သွေ့တာတွေလည်း ဖြစ်နိုင်ပါတယ်။ အဆစ်တွေနာတတ်တဲ့သူတွေဆိုလည်း အေးတဲ့အချိန်မှာ ပိုနာတာတွေ ၊ တောင့်တင်းနေတာတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဒီလိုအေးတဲ့အချိန်မှာ နွေးနွေးထွေးထွေးနေပါ။ သင့်တင့်တဲ့ ကိုယ်လက် လှုပ်ရှားမှုတစ်ခုခု လုပ်ပေးပါ။ အရည်များများ သောက်ပေးပါ။ အရက် ဘီယာတွေ အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။ ပူနွေးတဲ့ ဟင်းသီးဟင်းရွက် စွပ်ပြုတ်လိုမျိုး သောက်ပေးပါ။ သွေးတိုးရှိသူများ ၊ နှလုံးရောဂါရှိသူများ အနေနဲ့ ဆေးကုသမှုကို ကောင်းစွာခံယူသင့်ပါတယ်။ ပန်းနာရင်ကြပ်ရှိသူများအနေနဲ့ ရှူဆေးဗူးများကို ကိုယ်နှင့် မခွာ ဆောင်ထားသင့်ပါတယ်။

အားလုံး ကျန်းမာရွှင်လန်းကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ……………

Author : Dr. မေ