ဆောင်းတွင်းမှာ မီးလှုံမယ်ဆိုရင်

မိုးကုန်ပြီး ဆောင်းတွင်းရောက်လာတာနဲ့အမျှ အအေးဓာတ်က တဖြည်းဖြည်း လွှမ်းခြုံဝင်ရောက်လာပါတယ်။ ညမိုးချုပ်ပိုင်းတွေနဲ့ မနက်စောစောတွေမှာ ပိုပြီးသိသိသာသာ အေးလာတတ်ပါတယ်။ ဆောင်းတွင်းဝင်လေလေ ပိုအေးလေလေပါ။

နိုင်ငံတစ်ဝှမ်းမှာလည်း ဆောင်းတွင်းဝင်လာပြီဆိုရင် မနက်စောစောထပြီး လေ့ကျင့်ခန်းတွေလုပ်ကြ၊ အမှိုက်လှည်း သန့်ရှင်းရေးတွေလုပ်ကြ၊ အမှိုက်တွေပုံပြီး မီးရှို့တာတွေ မီးလှုံကြတာတွေနဲ့ လုပ်တတ်ကြပါတယ်။

ဆောင်းတွင်းမှာ အအေးဓာတ်ပိုလာတော့ သွေးပူလေ့ကျင့်ခန်းအနေနဲ့ ကိုယ်လက်လှုပ်ရှားလုပ်ပေးတာတွေ၊ အမှိုက်လှည်းသန့်ရှင်းရေးလုပ်တာတွေက ကောင်းပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ အမှိုက်တွေကိုမီးရှို့တာ မီးလှုံတာတွေကတော့ အနွေးဓာတ်တော့ ရစေပေမယ့် တစ်ဖက်ကပြန်ကြည့်ရင် ကျန်းမာရေးနဲ့လုံးဝ မညီညွတ်ပါဘူး။

အမှိုက်ပဲဖြစ်ဖြစ် ထင်းချောင်းပဲဖြစ်ဖြစ် မီးရှို့လိုက်တဲ့အခါ ထွက်လာတဲ့မီးခိုးတွေကြောင့် ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ လေကောင်းလေသန့်မရဘဲ မနက်စောစောစီးစီး မီးခိုးငွေ့တွေ ရှူရှိုက်နေရသလို ဖြစ်နေပါလိမ့်မယ်။

သာမန်လူတောင် မခံနိုင်တာ ကလေးငယ်ရှိတဲ့အိမ်တွေ သက်ကြီးရွယ်အိုရှိတဲ့အိမ်တွေ ပန်းနာရင်ကျပ်အစရှိတဲ့ အဆုတ်ရောဂါသည် လူနာရှိတဲ့အိမ်တွေသာဆို ပိုဆိုးပါလိမ့်မယ်။ ဆောင်းတွင်းလေးလလုံးသာ မီးလှုံနေကြမယ်ဆိုရင် နဂိုက ဘာရောဂါမှ မရှိတဲ့သူတွေတောင် တဖြည်းဖြည်း ကျပ်လာမယ်၊ မောလာမယ်။ အသက်ရှုမဝတာတွေ၊ အဆုတ်ပွတာတွေ ဖြစ်လာနိုင်ပါတယ်။

အဆုတ်ရောဂါလို နာတာရှည်ဖြစ်တာတင်မကဘဲ လောလောလတ်လတ်မှာပဲ မီးခိုးငွေ့တွေရှူနေရတာကြောင့် ခေါင်းနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ အမြင်ဝါးခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်းအစရှိတာတွေ ခံစားရတတ်ပါတယ်။ မီးခိုးတွေနဲ့ပဲ ပိတ်နေမယ်ဆိုရင်လည်း ကာဗွန်မိုနော့ဆိုဒ် အဆိပ်သင့်သလိုမျိုးတွေ ခံစားရတတ်ပါတယ်။

ဒါ့အပြင် အရေးကြီးတာနောက်တစ်ခုကတော့ မီးတွေရှို့ မီးတွေလှုံတာကနေ ကျန်ခဲ့တဲ့ မီးကြွင်းမီးကျန်တွေကတစ်ဆင့် မီးဘေးအန္တရာယ်လည်း ကြုံတွေ့ရနိုင်ပါတယ်။ အမှိုက်တွေလှည်းထားပြီး မီးရှို့ဖို့ အခြောက်ခံထားတုန်းမှာလည်း သောက်လက်စဆေးလိပ်တိုတွေ ဆေးလိပ်မီးပွားကျတာတွေ ကနေတစ်ဆင့်လည်း မီးလောင်စေတတ်ပါတယ်။

ဒါကြောင့်မို့ ဆောင်းတွင်းရောက်လာပြီးဆို အအေးဓာတ်ကို အံတုနိင်ဖို့ နည်းလမ်းအမျိုးမျိုးလုပ်ဆောင်ကြတဲ့အထဲမှာမှ သွေးပူလေ့ကျင့်ခန်းလုပ်တာက ကိုယ်တိုင်အတွက်လည်း ကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်။ ဘေးပတ်ဝန်းကျင်ကိုလည်း အနှောင့်အယှက်မဖြစ်စေရတော့ပါဘူး။

Author : Dr.CST