ဆံပင်ရှည်မြန်စေဖို့

လှပတဲ့ ဆံကေသာတွေ ပိုင်ဆိုင်ရဖို့ဆိုတာ ပျိုမေတို့ရဲ့  စိတ်ကူးအိမ်မက်တွေထဲက တစ်ခုပါပဲ။ ဆံကေသာတွေကို မြန်မြန်ရှည်လျားစေဖို့ ၊ သန်စွမ်းစေဖို့ဆိုရင် ဆံကေသာ တစ်ခုတည်းကိုပဲ ထိန်းသိမ်းနေရုံနဲ့ မပြီးပါဘူး။ မိမိရဲ့ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး ကောင်းဖို့လည်း လိုပါတယ်။ စိတ်တို စိတ်ရှုပ်ထွေးမှုတွေဟာ ဆံပင်ကို ကျွတ်စေနိုင်လို့ပါ။ ကိုယ်ကျန်းမာဖို့ဆိုတဲ့ နေရာမှာ အနေအထိုင် အစားအသောက် စတဲ့ ကိစ္စတွေအပေါ် အများကြီး မူတည်လို့နေပါတယ်။ သင်စားသုံးနေတဲ့ အစားအစာတွေဟာ ဆံကေသာကို အဓိက အားဖြည့်ပေးနေတဲ့ အရာထဲက တစ်ခုဆို သင်ယုံကြည်နိုင်မလား။ ဒါကြောင့် သင့်ရဲ့ စားသုံးပုံဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုရင် ဆံပင်ကျွတ်ခြင်း ၊ ဆံပင်မသန်စွမ်းခြင်း အရှည်နှေးခြင်း စတဲ့ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

ဒီဆောင်းပါးလေးမှာ ဆံကေသာကို အဓိက အာဟာရဖြစ်စေတဲ့ အစားအစာတွေအကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။

၁) ဗီတာမင် အေ

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ cell တွေဟာ ကြီးထွားဖွံဖြိုးလျှက် ရှိပါတယ်။ ဆံပင်ဆိုတာ ခန္ဓာကိုယ်မှာ ကြီးထွားမှု အမြန်ဆုံး အင်္ဂါတစ်ခုပါ။ ဒီလို cell တွေ ကြီးထွားဖို့ဆိုရင် ဗီတာမင်အေဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေဟာ ဦးရေပြားမှာရှိတဲ့ အဆီကို ထုတ်လုပ်ပေးတဲ့ နေရာမှာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ ဒါ့ကြောင့် ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကို စားခြင်းဖြင့် ဆံသားခြောက်သွေ့မှုကလည်း ကာကွယ်စေရုံသာမက ဆံပင်အရှည်လည်း မြန်စေမှာပါ။

ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ကန်စွန်းဥ ၊ မုန်လာဥနီ ၊ ရွှေဖရုံသီး ၊ ဟင်းနုနွယ်၊ ကိုက်လန်လိုမျိုး အစိမ်းရင့်ရောင် ရှိတဲ့ ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နို့နဲ့ နို့ထွက်ပစ္စည်းတွေ ၊ ဥအမျိုးမျိုးနဲ့ ဒိန်ချဉ်တွေမှာလည်း ဗီတာမင်အေဓာတ်ပေါင်းစုတွေ ပါဝင်ပါတယ်။

၂) ဗီတာမင် ဘီ

ဗီတာမင် ဘီလို့ပြောတဲ့ နေရာမှာ အဓိက ပြောချင်တာက biotin ဓာတ်ပါ။ တချို့က ဗီတာမင် H လို့လည်း ခေါ်ပါတယ်။ biotin ဟာ ဆံပင်အတွက်သာမကဘဲ လက်သည်းတွေအတွက်ကော အရေပြား အတွက်ပါ အသုံးဝင်ပါတယ်။ biotin ဓာတ် ချို့တဲ့တဲ့အခါ ဆံပင်တွေကျွတ်တတ်တယ်၊ နောက်ပြီး အရေပြားမှာ အနီစက်တွေ ထွက်လာတတ်ပါတယ်။ ဒါပေမယ့် အစားအသောက် တော်တော်များများမှာ ပါဝင်တဲ့အတွက် Biotin ဓာတ် ချို့တဲ့မှုကို တွေ့ရခဲပါတယ်။

တခြားသော ဗီတာမင်ဘီအုပ်စုတွေကတော့ သွေးနီဥ ထုတ်လုပ်မှုကို အထောက်အကူပေးပါတယ်။ သွေးနီဥတွေ ရှိမှသာ ဆံပင်တွေအတွက် လိုအပ်တဲ့ အာဟာရနဲ့ အောက်ဆီဂျင်ဓာတ်တွေကို ဆံပင်တွေဆီ သယ်ပို့ပေးနိုင်မှာပါ။ ဒါကြောင့် သွေးအားကောင်းနေဖို့လည်း လိုပါတယ်။ ဗီတာမင်ဘီ ကြွယ်ဝတဲ့ အစားအစာတွေကတော့ အစေ့အဆန်တွေ ၊ အသား ငါးနဲ့ ပင်လယ်စာတွေမှာ ပါပါတယ်။

၃) ဗီတာမင် စီ

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အချိန်နှင့် အမျှ ဓာတ်တိုးပစ္စည်းတွေ ထွက်ပေါ်လျှက် ရှိပါတယ်။ ဒီပစ္စည်းတွေဟာ ကျန်းမာရေးကို တော်တော်လေး ဆိုးကျိုးတွေ ပေးပါတယ်။ အိုမင်းရင့်ရော်မှုတွေ ဖြစ်စေရုံသာမက ကင်ဆာရောဂါတွေထိတောင် ဖြစ်စေနိုင်ပါတယ်။ ဒီဓာတ်တိုးပစ္စည်းတွေဟာ ဆံပင်ကိုလည်း ဒုက္ခပေးပါတယ်။ ဆံပင်ကြီးထွားမှုကို အဟန့်အတားဖြစ်စေရုံသာမကဘဲ ဆံပင်ကျွတ်စေနိုင်ပါတယ်။

ဗီတာမင် စီဟာ ဒီလိုဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ်နိုင်ရုံသာမကဘဲ ဆံကေသာအတွက် လိုအပ်တဲ့ collagen ဓာတ်ပေါင်းစု ထုတ်လုပ်ဖို့အတွက်လည်း အရေးပါတဲ့ နေရာတစ်ခုကနေ ပါဝင်ပေးပါတယ်။ ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာတွေကတော့ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေ ၊ သစ်သီးတွေပဲ ဖြစ်ပါတယ်။

၎) ဗီတာမင် ဒီ

ဆံပင် အရှည်မြန်ပြီး သန်စွမ်းဖို့ဆို ဗီတာမင် ဒီ ဟာလည်း မေ့မထားသင့်တဲ့ အရာတစ်ခုပါပဲ။ ဗီတာမင် ဒီဟာ ဆံသားအသစ်လေးတွေကို ဖြစ်ဖို့အတွက် ကူညီပေးပါတယ်။ ဗီတာမင် ဒီ ကြွယ်ဝတဲ့ အစားအစာတွေကတော့ မှို ၊ ပင်လယ်စာနဲ့ အဆီများတဲ့ ငါးတွေမှာ ပါဝင်ပါတယ်။

အားလုံးပဲ ကျန်းမာသန်စွမ်းပြီး အရှည်မြန်တဲ့ ဆံကေသာလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ………………

Author : Dr. မေ