အဆုတ်ထဲရေဝင်ခြင်း

အရပ်ခေါ်ကတော့ အဆုတ်ထဲရေဝင်ခြင်းပါ။ သို့သော် တိတိကျကျပြောရရင် အဆုတ်ထဲကို ဝင်တာမဟုတ်ပါ။ အဆုတ်ကို ဝန်းရံဖုံးအုပ်ထားတဲ့ အမြှေးလွှာနှစ်ခု (Visceral Pleura and Parietal Pleural) ကြားရှိ Pleural Space ဟုခေါ်သော နေရာလေးထဲ ရေတွေစုလာခြင်း ဖြစ်သည်။ ပုံမှန်ဆိုရင် ထိုအမြှေးလွှာနှစ်ခုကြားမှာ အရည်လွှာပါးပါးလေး (thin film of serous liquid) တစ်ခုသာ ရှိပါတယ်။

အဆုတ်ထဲရေဝင်ခြင်းလို့ ပြောပေမယ့် ထို pleural space ဟု ခေါ်သောနေရာတွင် ဝင်ရောက်လာစု နိုင်တာက ရေအပြင် သွေးလည်းဖြစ်နိုင်သည်။ ပြည်လည်း ဖြစ်နိုင်သည်။ အဆုတ်ထဲရေဝင်ရခြင်းအကြောင်းရင်းများကတော့ အဆုတ်မှာဖြစ်တဲ့ ရောဂါတွေကြောင့်လည်းဖြစ်နိုင်သလို အဆုတ်မှာမဟုတ်ဘဲ တခြားအင်္ဂါတွေမှာ ဖြစ်တဲ့ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အဆုတ်ထဲ ရေဝင်တာကိုဖြစ်စေတဲ့ အဆုတ်မှာဖြစ်သော ရောဂါတွေကတော့ အဆုတ်တီဘီရောဂါ (Pulmonary Tuberculosis)၊ အဆုတ်ကင်ဆာရောဂါ (Lung Cancer)နဲ့ နမိုးနီးယား (Pneumonia) အဆုတ်ရောင်ရောဂါတွေပါ။

အဆုတ်ထဲ ရေဝင်တာကို ဖြစ်စေတဲ့ အဆုတ်မဟုတ်ဘဲ တခြားအင်္ဂါတွေမှာ ဖြစ်သောရောဂါများကတော့ အသည်းခြောက်ရောဂါ (Cirrhosis of liver) ၊ ရေရှည်ကျောက်ကပ်အားနည်းရောဂါ (Chronic Renal Disease)၊ နှလုံးပန်းတဲ့ရောဂါ (Heart Failure) တွေပဲ ဖြစ်ပါတယ်။ ခိုက်မိတာ (Trauma)၊
ပိုးဝင်တာ (Infection) စတာတွေကြောင့်လည်း ဖြစ်နိုင်ခြေရှိပါတယ်။

အဆုတ်ထဲ ရေဝင်တဲ့အခါကျရင် အဆုတ်ဟာ အသက်ရှူသွင်းချိန်မှာ ပုံမှန်ဖောင်းသင့်သလောက် မဖောင်းနိုင်တဲ့အတွက် အသက်ရှူရခက်တာ၊ အသက်ရှူ မဝတာ၊ ရင်ဘတ်အောင့်တာတွေ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ဖြစ်တဲ့အကြောင်းရင်းပေါ်လိုက်ပြီး ချောင်းဆိုးတာ၊ ဖျားတာ၊ အစားသောက်ပျက်တာတွေလည်း ဖြစ်နိုင်ပါတယ်။

အဆုတ်ထဲ ရေဝင်တာကို ဘယ်လိုသိနိုင်သလဲ။ အတိအကျ သိချင်ရင်တော့ ရင်ဘတ်ဓါတ်မှန် (Chest X ray) ရိုက်ကြည့်နိုင်ပါတယ်။ အဆုတ်ထဲရေဝင်ပြီဆိုရင် ရေဝင်တဲ့ အကြောင်းရင်းကို ရှာဖို့ တခြားစမ်းသပ်မှုတွေလည်း လုပ်ဖို့လိုပါတယ်။

အဆုတ်ထဲ ရေဝင်ရင် ဘယ်လိုကုမလဲ။

အဆုတ်ထဲ ရေဝင်ရတဲ့ အဓိကအကြောင်းရင်းကိုရှာပြီး ကုရပါတယ်။ အကြောင်းရင်းကို ရှာကုနေတဲ့အချိန်မှာပဲ လိုအပ်ရင် အဆုတ်ထဲကရေကို ဖောက်စုပ်ရတတ်ပါတယ်။ ရေပဲဆိုရင်တော့ အပ်နဲ့ဖောက်ပြီး စုပ်လို့ရပေမယ့် ပြည်ပါတည်လာပြီဆိုရင်တော့ အပ်နဲ့တင်မရတော့ပါဘူး။ ပိုက်ထည့်ထားပြီး ထုတ်ရတာလည်း ရှိနိုင်ပါတယ်။ ရောဂါအခြေအနေပေါ် မူတည်ပြီး သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်က ကုသပေးပါလိမ့်မယ်။

အချုပ်အားဖြင့် ပြောရရင် အဆုတ်ထဲရေဝင်တာက ရေရှည်ကျောက်ကပ်အားနည်းရောဂါတို့ အသည်းခြောက်ရောဂါ စတဲ့ရောဂါတွေမှာဆိုရင် တစ်ကြိမ်ဖြစ်ပြီးလည်း ပြန်ပြန်ဖြစ်နိုင်ချေရှိပါတယ်။

Author : Dr. 528