ခွဲစိတ်ပြီးစ လေပွခြင်း ဒုက္ခ

ဘဝမှာ အကြောင်းကိစ္စ တစ်ခုခုကြောင့် ခွဲစိတ်မှု့ ပြုရတာမျိုးတွေ ရှိတတ်ပါတယ်။ အူအတက်ပေါက်လို့ ဗိုက်ခွဲရတာ ၊ သားအိမ်မှာ အလုံးတည်လို့ ဗိုက်ခွဲရတာ၊ ကလေးမွေးလို့ ဗိုက်ခွဲရတာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဗိုက်ကိုခွဲစိတ်မှု့တွေ လုပ်ရတတ်ပါတယ်။ ဒါမှမဟုတ်လည်း ကျောက်ရှိလို့ မှန်ပြောင်းနဲ့ ထုတ်ရတာ ၊ မှန်ပြောင်းနဲ့ အသားစယူတာ စသဖြင့် အသေးစား ခွဲစိတ်မှု့မျိုးတွေလည်း ပြုလုပ်ရတာတွေရှိတယ်။ ဗိုက်ခွဲပြီးရင် အနာက နာတာတစ်မျိုး ၊ ဗိုက်ထဲက လေထိုးလို့ နာတာတစ်မျိုးစတဲ့ နာကျင်မှု့တွေကို ခံစားရလေ့ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခွဲစိတ်ပြီးခါစမှာ ဖြစ်တဲ့ လေထိုးလေအောင့် အကြောင်းလေး အနည်းငယ် ဖော်ပြချင်ပါတယ်။

လူတစ်ယောက်ရဲ့ အစာအိမ်နှင့် အူလမ်းကြောင်းမှာ ပုံမှန် လေတွေရှိနေပါတယ်။ ဒီလေတွေဟာ အစားစားရင်း အမှတ်မထင် မျိုချခြင်းဖြင့်သော်လည်းကောင်း ၊ အစာတွေကို ချေဖြတ်ခြင်းမှသော်လည်းကောင်း ပေါ်ထွက်လာတတ်ပါတယ်။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ လေတွေကို လေလည်ခြင်းဖြင့်သော်လည်းကောင်း ၊ လေချဉ်တက်ခြင်းဖြင့်သော်လည်းကောင်း အစာချေလမ်းကြောင်းမှ ပြန်လည်ထုတ်ပေးလေ့ရှိတယ်။ ဒီဖြစ်စဉ်တွေကို ပုံမှန်လည်ပတ်နေတဲ့သူအဖို့ လေထိုးလေအောင့်တွေ မဖြစ်တတ်ပါဘူး။

ဒါပေမယ့် ဗိုက်တစ်ခုလုံးကို ခွဲစိတ်ရတယ်ဆိုကလည်းက ပုံမှန်ဖြစ်စဉ်တွေက ကွဲလွဲထွက်သွားပါပြီ။ ဗိုက်ခွဲပြီးသွားရင် ဖြစ်ရတဲ့ လေထိုးလေအောင့်ခြင်းက အဓိက ၂ မျိုးကြောင့် ဖြစ်တယ်။ ပထမက အူထဲမှာ ရှိနေတဲ့ လေတွေကြောင့် လေအောင့်တာဖြစ်ပြီး ဒုတိယကတော့ အူထဲကမဟုတ်ဘဲ ဗိုက်ထဲမှာ ရှိတဲ့ လေတွေကြောင့် လေအောင့်တာဖြစ်တယ်။

အူထဲမှာ ရှိတဲ့လေတွေကြောင့် ဖြစ်တဲ့ လေထိုးလေအောင့်ခြင်း ကိုတော့ ဝမ်းဗိုက်ခွဲစိတ်ခြင်း နှင့် သားအိမ်ပိုင်းဆိုင်ရာ ခွဲစိတ်ခြင်းတွေမှာ တွေ့ရတတ်တယ်။ ခွဲစိတ်ချိန်မှာ အူတွေကို ကိုင်တွယ်ထားတာတွေကြောင့် ပုံမှန်အူလမ်းကြောင်း လှုပ်ရှားမှု့ကို အနှောက်အယှက်ဖြစ်စေတယ်။ ဒါကြောင့် ခွဲစိတ်ပြီးတဲ့အခါမှာ လေထိုးလေအောင့်ဖြစ်တာတွေ ဗိုက်အောင့် ဗိုက်နာတာတွေ ဖြစ်စေတယ်။

နောက်တစ်ခုကတော့ ဗိုက်ထဲမှာ ရှိတဲ့ လေတွေကြောင့် လေထိုးလေအောင့်ဖြစ်ခြင်းပဲ။ မှန်ပြောင်းနဲ့ ခွဲစိတ်မှု့ ပြုလုပ်တဲ့သူတွေမှာ ပိုဖြစ်တတ်တယ်။ ခွဲစိတ်တဲ့အခါမှာ တခြားအရေးကြီး အစိတ်အပိုင်းတွေကို ထိခိုက်မှု့မရှိရအောင် ဗိုက်ထဲကို လေအနည်းငယ်  ထိုးထည့်တာမျိုး ရှိတဲ့အတွက် ခွဲစိတ်ပြီးစအချိန်မှာ လေထိုးလေအောင့် ဖြစ်တာပါ။

ဒီလို လေထိုးလေအောင့် ဖြစ်တာတွေကို သက်သာအောင် ဘယ်လိုလုပ်နိုင်သလဲ။

လမ်းလျှောက်ပေးပါ။ လမ်းလျှောက်ပေးခြင်းဖြင့် အူလှုပ်ရှားမှုကို အမြန်ပြန်ကောင်းစေပါတယ်။ အနာက နာကျင်လို့ မရပ်နိုင်ဘူးဆိုရင်လည်း အိပ်ယာထဲမှာ လုံးဝအငြိမ်နေမယ့်အစား ခြေထောက်လေးတွေ အနည်းငယ် ဖြည်းညှင်းစွာ လှုပ်ရှားနိုင်ပါတယ်။

နောက်နည်းတစ်ခုကတော့ ရေနွေးအိတ်ကပ်ပေးလို့ ရပါတယ်။ ဒါပေမယ့် ရေနွေးအိတ်ကပ်မယ်ဆို အိတ်က အရမ်းပူမနေဖို့ လိုပါတယ်။ နောက်တစ်ခုက အနာချုပ်ရိုးပေါ် မကပ်မိပါစေနဲ့။ ချုပ်ရိုးပေါ် ကပ်ခြင်းဖြင့် အနာကျက်နှေးသွားစေနိုင်လို့ပါ။

ဒီလိုတွေ မလုပ်ချင်ဘူးဆို အနည်းငယ် နှိပ်နယ်ပေးလို့ ရပါတယ်။ ညာလက်ကို လက်သီးစုတ်လိုက်ပါ။ လက်သီးစုတ်လေးနဲ့ ဘယ်မှညာ စက်ဝိုင်းပုံစံအတိုင်း လှည့်ပြီး အနည်းငယ် ဖိနှိပ်ပေးပါ။ ဗိုက်ထဲမှာ ပိတ်မိနေတဲ့ လေတွေကို အပြင်ရောက်စေပါတယ်။

ရေသောက်လို့ရတဲ့ အဆင့်ဆိုရင်တော့ ရေနွေးနွေးနွေးလေး သောက်ပေးပါ။ ရေနွေးသောက်ခြင်းဖြင့် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းစေလို့ပါ။ အစားစားလို့ရတဲ့ အချိန်ဆိုရင်လည်း လေထစေတဲ့ အစားအစာလေးတွေကို ရှောင်ပေးပါ။ (အထူးသဖြင့် ပဲအမျိုးမျိုး ၊ ပြောင်းဖူး ၊ အာလူး ၊ ဂေါ်ဖီ အစရှိသည်တို့ကို ရှောင်ပါ) ။ အစားကို ဖြည်းဖြည်း ကြေညပ်အောင် ဝါးစားပါ။ အချိုရည် လုံးဝ မသောက်ပါနဲ့။

ပါးစပ်ပျက်လို့ဆိုပြီး သကြားလုံးအမာတွေကို စုတ်စားတာမျိုး ၊ ပီကေဝါးတာမျိုးတွေ မလုပ်ပါနဲ့။  ဆေးလိပ်လုံးဝ မသောက်ပါနဲ့။ ဆေးလိပ်သောက်တဲ့အခါ လေထိုးစေရုံမကဘဲ အနာကျက်လည်း နှေးစေနိုင်လို့ပါ။ နောက်ဆုံး ဒီနည်းတွေ မလုပ်နိုင်လောက်အောင် နာတာမျိုး ၊ လုပ်ရက်နဲ့ မသက်သာတာမျိုးရှိရင် ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လေဆေးတွေ သောက်လို့ရပါတယ်။ လေဆေးသောက်ခြင်းဖြင့်လည်း ဗိုက်ထဲမှာ ရှိတဲ့ လေတွေကို စုစည်းစေပြီး အူလှုပ်ရှားမှု ကောင်းစေလို့ လေထိုးခြင်း ၊ ဗိုက်ပွခြင်း ၊ ဗိုက်ထဲ အသံစုံမြည်နေခြင်းတွေကို သက်သာစေပါတယ်။

အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး အနာရောဂါ ကင်းဝေးပါစေ ဆုတောင်းရင်း ……………..

 

Author : ရွက်သစ်