စိတ်သည်သာ ပဓာန

၁၉၄၈ ခုနှစ်မှာ World Health Organization (WHO) က ပထမဆုံး World Health Assembly ကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ Assembly ရဲ့ ဆုံးဖြတ်ချက်ချအရ နှစ်စဉ်နှစ်တိုင်း ဧပြီလ ၇ ရက်ကို World Health Day (ကမ္ဘာ့ကျန်းမာရေးနေ့)အဖြစ် သတ်မှတ်ခဲ့တာ အခုဆိုရင် ၆၇ ကြိမ်မြောက် ရှိခဲ့ပါပြီ။ နှစ်စဉ်ကျရောက်တဲ့ ကမ္ဘာ့ကျန်းမာရေးနေ့ကို ကျန်းမာ ရေးနဲ့ပတ်သက်တဲ့ Theme ကိုယ်စား အထူးပြုဆောင်ပုဒ်ပေးခဲ့ပြီး ၂၀၁၆ ခုနှစ်ရဲ့ ကမ္ဘာ့ကျန်းမာရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ Diabetes ဖြစ်ခဲ့ပါတယ်။ ယခုနှစ်၂၀၁၇ ခုနှစ်၊ ဧပြီလ ၇ ရက်အတွက် ဆောင်ပုဒ်ကတော့ Depression; Let’s Talk (စိတ်ကျဝေဒနာ – ပြောဆိုတိုင်ပင်ဆွေးနွေးပါ) ဖြစ်ပါတယ်။

စိတ်ဓာတ်ကျဆင်းမှုမှ စိတ်ကျဝေဒနာသို့

မနက်မိုးလင်းတာနဲ့ လူသားတိုင်းစားဝတ်နေရေးအတွက် အလွှာပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ နေ့စဉ် လှုပ်ရှားရုန်းကန်နေကြရတာတော့ပါပဲ။ အဲဒီလိုလှုပ်ရှားရုန်းကန်ကြရတဲ့အခါမှာ လုပ်ငန်းခွင် အတွင်း အဆင်မပြေတာ၊ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် စိတ်ညစ်ရတာ၊ မိသားစုအတွင်း အချင်းချင်း မပြေလည်တာ၊ ချစ်သူရည်းစားနဲ့ ကတောက်ကဆ ဖြစ်တာ၊ ငွေရေးကြေးရေး မပြေ လည်တာ စတာတွေကြောင့် စိတ်ဓာတ်ကျဆင်းမှုတွေကို ကြုံရမှာပါ။

ကိုယ်ခန္ဓာကျန်းမာသန်စွမ်းနေပေမယ့်လည်း နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါ၊ အစာ အိမ်ရောဂါ၊ ဦးနှောက်ပိုင်းဆိုင်ထိခိုက်မှုတွေ ဖြစ်ပေါ်တဲ့အပြင် စိတ်ကျဝေဒနာကိုပါ ခံစားရနိုင်ပါ တယ်။ ဒါပြင် အမြဲလိုလိုပူဆွေးဝမ်းနည်းနေတာ၊ အရင်က စိတ်ဝင်စားခဲ့တဲ့အရာတွေကို စိတ် မဝင်စားတော့တာ၊ နိစ္စဓူဝလုပ်ဆောင်နေကြအလုပ်တွေ မလုပ်ဆောင်နိုင်တော့တာ၊ ဆုံးဖြတ်ချက် တွေ မချရဲတာ၊ ဂဏှာမငြိမ်ဖြစ်လာတာ၊ ကိုယ့်ကိုယ်ကိုယ် အသုံးမကျတဲ့သူတစ်ယောက်လို ခံစားရ တာ၊ အပြစ်ရှိတဲ့သူတစ်ယောက်လို ခံစားရတာစတဲ့လက္ခဏာတွေ ဖြစ်တတ်လာပါတယ်။ စိတ်ဓာတ်ကျဆင်းတာဟာ အတိုင်းတာတစ်ခုထက်ကျော်သွားပါက ‘ဝေဒနာ’ အသွင်သို့ ကူးပြောင်းသွားနိုင်ပါတယ်။

ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့

စိတ်ကျဝေဒနာဟာ ကာကွယ်ကုသလို့ရနိုင်တဲ့အတွက်ကြောင့် နားလည်တတ်ကျွမ်းသူတွေရဲ့ အကူ အညီကို ရယူပါ။ ကိုယ့်နေရာဒေသမှာရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေ၊ ဆရာဝန် တွေဟာ အကူအညီကောင်းတွေ ပေးနိုင်ပါတယ်။ နောက်တစ်ခုက ကိုယ်ယုံကြည်ရတဲ့သူတစ် ယောက်ကို ကိုယ်ခံစားနေရတဲ့အခြေအနေတွေ ဖွင့်ပြောပြလိုက်ပါ။ မိသားစု၊ မိတ်ဆွေသူငယ်ချင်း တွေနဲ့ အဆက်အသွယ်မပြတ်စေဘဲ ထိတွေ့ဆက်ဆံပေးပါ။ လမ်းခဏလျှောက်တာမျိုးဖြစ်ဖြစ်၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေ၊ ယောဂလေ့ကျင့်တာ၊ တရားထိုင်တာတွေ ပြုလုပ်သင့်ပါ တယ်။ ကိုယ့်စိတ်ထဲမှာရှိတဲ့ ဝေဒနာပြေပျောက်သွားမယ်လို့ ထင်တဲ့ အရက်၊ မူးယစ်ဆေးဝါးတွေ မသုံးစွဲသင့်ပါ။ ဒီအရာတွေဟာ စိတ်ကျဝေဒနာကို ပိုဆိုးဝါးစေနိုင်ပါတယ်။ ကိုယ်နေထိုင် ကောင်းခဲ့ တုန်းက ပုံမှန်ပျော်ရွှင်စွာ လုပ်ဆောင်နေကြအလုပ်တွေကို ဆက်ပြီးလုပ်ဆောင်သွားပါ။ လုပ်ဆောင်လိုတဲ့စိတ်မရှိရင်လည်း ကြိုးစားလုပ်ဆောင်ကြည့်ပါ။ ကိုယ်ရရှိလာတဲ့တိုးတက်မှု၊ အောင်မြင်မှု တွေအတွက် ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုချီးမွမ်းပါ။ ဘယ်ကိစ္စမရပ်ဆို တတ်နိုင်သမျှ အကောင်းမြင်ပေးပါ။

သင့်လျော်တဲ့အစားအစာတွေကို စားပေးပါ

ကျန်းမာရေးအတွက် သင့်လျော်မျှတတဲ့ ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိုက်၊ အသီးအရွက်တွေကို စားသုံး သင့်ပါတယ်။ အစာလွန် မခံပါနှင့်၊ အချိုလျှော့စားပါ၊ ကစီဓာတ်ပြည့်ဝတဲ့ဆန်ညို၊ အာလူးပြုတ်၊ ပေါင်မုန့်၊ ငှက်ပျောသီး စတာတွေက သွေးထဲရှိ ဆီရိုတိုနင် (Serotonin) ကို တက်စေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ဗီတာမင်ဘီတွေဖြစ်တဲ့ Folic Acid & B12 တို့ လျော့နည်းတာဟာ စိတ်ဓာတ်ကျတာကို တိုးစေနိုင်အတွက် ဗီတာမင်ဘီဓာတ်တွေ ပါဝင်တဲ့အစား အစာ တွေ(အစိမ်းရောင် အသီးအရွက်တွေ၊ ပဲ၊ ကြက်သား၊ ကြက်ဥ) စတာတွေကို မျှတအောင် စားသုံးသင့်တယ်။ လေ့လာချက်တွေအရ စိတ်ဓာတ်ကျတာဟာ သွေးထဲရှိ Chromium ဓာတ်ကိုလျော့ နည်းစေတယ်လို့ သိရပါတယ်။ ဒါကြောင့် Chromium ဖြည့်စွက်ဆေးတွေ သောက်သုံးခြင်းဖြင့် အစား ပိုစားချင်ခြင်း၊ အိပ်ရေးဝစွာအိပ်စက်စေနိုင်ခြင်း စတာတွေကို ဖြစ်စေနိုင်သဖြင့် လိုအပ်နေတဲ့ အင်အားတွေကို ရရှိစေနိုင်ပါတယ်။

စိတ်သည်သာ ပဓာန ဆိုတဲ့အတိုင်း စိတ်ကျန်းမာမှ ကိုယ်ကျန်းမာမှာ ဖြစ်တဲ့အတွက် ကြောင့် စိတ်ကျဝေဒနာကို တွန်းလှန်ခြင်းဖြင့် မိမိနဲ့ မိမိပတ်ဝန်းကျင်ပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင် မှာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။