အိပ်ရေးဝဝ အိပ်တတ်စေဖို့ရာ

ဒီချိန်ထိ အိပ်မပျော်သေးလို့ မနက်ဖြန်အတွက် စိုးရိမ်နေပါသလား။ စိုးရိမ်စိတ်တွေဟာ အိပ်မပျော်မှု့တွေကို ပိုဖြစ်စေနိုင်လို့ စိတ်မပူပါနဲ့။ ဒီဆောင်းပါးလေးမှာ အိပ်ပျော်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။

အိပ်စက်ခြင်းဆိုတာ လူတစ်ယောက်အတွက် အလွန်အရေးပါတယ်။ နေ့တိုင်း လုပ်နေတဲ့ အရာတစ်ခုလည်း ဖြစ်ပြီး လူတစ်ယောက်ဟာ တစ်ရက်တာအတွက် အိပ်ချိန် ပျမ်းမျှ ၇ နာရီကနေ ၉ နာရီအတွင်း ရှိသင့်ပါတယ်။ နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း ၊ အိပ်ချိန် မလုံလောက်ခြင်းတွေဟာ အဝလွန်ရောဂါ ၊ သွေးတိုးရောဂါ ၊ ဆီးချိုရောဂါတွေကို ပိုမိုဖြစ်ပွားစေပါတယ်။ ကာလကြာရှည်စွာ အိပ်မပျော်ခြင်းတွေဟာ တချို့ ကင်ဆာရောဂါတွေ ဖြစ်စေတဲ့ အထိကို ဆိုးဝါးပါတယ်။ ကာလရှည်မပြောနဲ့ တစ်ရက် နှစ်ရက် အိပ်မပျော်ရင်တောင် ငူငူ ငိုင်ငိုင်နဲ့ အာရုံမစိုက်နိုင်တာ ၊ ခေါင်းမူးခေါင်းကိုက်တာ၊ စိတ်တိုစိတ်ဆတ် လွယ်နေတာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲနေတာတွေ ဖြစ်စေပါတယ်။

လေ့လာဆန်းစစ်မှု့တွေအရ လူ ၁၀၀ မှာ ၄၀ လောက်ဟာ နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း ၊ အိပ်ရေးမဝခြင်း စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကောင်းမွန်စွာ အိပ်ပျော်စေဖို့ဆိုတဲ့ နေရာမှာ အိပ်ယာ အနေအထား ၊ အိပ်တဲ့ ပုံစံ ၊ မိမိရဲ့ စိတ်ခံစားမှု ၊ နာတာရှည် ရောဂါ ရှိတာတွေ စတာတွေနဲ့ ဆက်စပ်မှု့တွေ အများကြီး ရှိလို့နေပါတယ်။

အိပ်စက်မှု့ကို အနှောက်အယှက်ပေးနေတဲ့ အရာတွေကတော့
၁) အိပ်တဲ့ အနေအထား
ပတ်လက်အိပ်တာထက်စာရင် ဘေးစောင်းပြီး အိပ်သင့်ပါတယ်။ ပက်လက်အိပ်တဲ့အခါမှာ ကျောနာ ခါးနာဖြစ်ခြင်း ၊ အသက်ရှူကြပ်ခြင်းတွေ ပိုဖြစ်စေနိုင်လို့ အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ သင်ဟာ ကိုယ်ဝန်ဆောင် မိခင်ဖြစ်နေရင် ပိုလို့တောင် စောင်းအိပ်သင့်ပါသေးတယ်။ စောင်းအိပ်ခြင်းဖြင့် အစာအိမ် အချဉ်ပြန်မှု့ကို သက်သာစေပြီး ရင်ပူခြင်းကို လျော့နည်းစေနိုင်လို့ပါ။ ဒါ့အပြင် ခန္ဓာကိုယ်ကို ပုဇွန်ထုပ်လို ကွေးပြီး အိပ်တာတွေက နိုးလာတဲ့ အခါမှာ အဆစ်တွေ ၊ ကြွက်သားတွေကို နာကျင်စေပါတယ်။

၂)ခေါင်းအုံး အနေအထား
ခေါင်းအုံး နိမ့်လွန်းခြင်း ၊ မြင့်လွန်းခြင်းတွေဟာ သင့်ရဲ့ ခါးရိုးနဲ့ ကျောရိုးတွေကို ရေရှည်မှာ ဒုက္ခဖြစ်စေရုံမကဘဲ သင့်အနေနဲ့ လည်ပင်းကြွက်သားတွေ နာကျင်တာ၊ ပခုံးတွေ နာကျင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ခေါင်းအုံး အမြင့်ဟာ ၄ လက်မကနေ ၆ လက်မလောက်အတွင်းမှာ ရှိသင့်ပါတယ်။

၃)အခန်း အနေအထား
အိပ်တဲ့ အခန်းဟာ သက်တောင့်သက်သာ ရှိပြီး အိပ်ခန်းဆို အိပ်ခန်း သီးသန့်ထားတာ ပိုကောင်းပါတယ်။ အိပ်တဲ့ နေရာနားမှာ tv ရှိတာ ၊ လျှပ်စစ်ပစ္စည်းတွေ ရှိနေတာ တခြားဆူဆူညံညံ အရာတစ်ခုခု ရှိနေတာက နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အနှောက်အယှက် ဖြစ်စေပါတယ်။ ယုတ်စွအဆုံး ခန်းစီးက လေတိုက်လို့ တဖျတ်ဖျတ်လှုပ်ခတ်တဲ့ အသံကတောင် သင့်ရဲ့ အိပ်စက်ခြင်းကို နှောက်ယှက်နိုင်ပါတယ်။ အခန်းအပူချိန် ကလည်း ဖြစ်နိုင်ရင် ၁၈ ဒီဂရီ ဆဲစ်ဆီးယပ်စ်ကနေ ၂၄ ဒီဂရီ ဆဲစ်ဆီးယပ်စ်အတွင်းမှာ ရှိနေနိုင်ရင်တော့ ပိုကောင်းပါတယ်။

၎) အိပ်ချိန်အနေအထား
လူတစ်ယောက်ဟာ ပြုမူနေထိုင်မှု့ စက်ဝိုင်းအတွင်းထဲမှာ ရှိနေတာပါ။ နေထိုင်မှု့ ပုံစံအတိုင်း ခန္ဓာကိုယ်ထဲမှာ ဇီဝကမ္မဖြစ်စဉ်တွေက ပြောင်းလဲနေတာပါ။ ဒါကြောင့် အိပ်ချိန်ကို အချိန်မှန် ထားပေးခြင်းကလည်း အိပ်မပျော်မှု့တွေကို ဖြေရှင်းတဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။

၅)စားသောက်မှု့ အနေအထား
လူကို တက်ကြွလန်းဆန်း စေနိုင်တဲ့ ကဖင်းဓာတ်ပါတဲ့ အစားအစာ တချို့ကလည်း အိပ်မပျော်မှု့တွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေ့လည် ၂ နာရီနောက်ပိုင်းမှာ ကော်ဖီသောက်တာ၊ လက်ဖက်ရည်သောက်တာ ၊ အားဖြည့်အချိုရည်တွေ သောက်တာတွေ ရှောင်နိုင်ရင် ရှောင်သင့်ပါတယ်။

၆)စိတ်အနေအထား
စိတ်ပူပင်သောကတွေ ၊ စိုးရိမ်စိတ်တွေနဲ့ အတွေးမျိုးစုံကလည်း သင့်ကို အိပ်မပျော်မှု့တွေ ဖြစ်စေနိုင်ပါတယ်။ တချို့တွေက ငါတော့ မနက် ဘာလုပ်ရမယ် စဉ်းစား စိတ်ပူရင်း ဒီည ကောင်းကောင်း မအိပ်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အိပ်နေရက်နဲ့ အိပ်မပျော်တာတွေကလည်း သင့်ကို စိုးရိမ်မှု့တွေ ပေးနိုင်ပါတယ်။ ဒါ့အတွက် အကောင်းဆုံးနည်းကတော့ အိပ်ယာထဲမှာ နေလို့ မိနစ် ၂၀ ကျော်ထိမှ အိပ်မပျော်ရင် ဆက်မနေပါနဲ့တော။ ပျင်းရိ ငြီးငွေ့ဖို့ ကောင်းတဲ့ အလုပ်တစ်ခုခု ပြောင်းလုပ်လိုက်ပါ။ ဒါဆို သင်အိပ်ချင်ပြီး ပြန်အိပ်ပျော်သွားနိုင်ပါတယ်။ ဒါပေမယ့် ဖုန်းတော့ သွားမသုံးလိုက်ပါနဲ့။ ဖုန်းထဲက သတ္ထုကြွ လှိုင်းတွေက သင့်ကို အိပ်မပျော် ဖြစ်စေနိုင်လို့ပါ။

၇)ရောဂါ အနေအထား
သင့်မှာ အဆစ်အမြစ် နာကျင်ရောင်ရမ်းနာတွေ ၊ အစာအိမ်အချဉ်ပြန်ရောဂါတွေ ရှိနေရင်လည်း သင် နှစ်ခြိုက်စွာ အိပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက်တော့ ရောဂါအတွက် သင့်တော်တဲ့ ဆေးကုသမှု့တွေ ခံယူရပါလိမ့်မယ်။

နှစ်ခြိုက်စွာ အိပ်ပျော်ပြီး အိပ်ရေးဝ လန်းဆန်းနိုင်ကြပါစေ။

Author : ရွက်သစ်