ဝက်ခြံထွက်လွယ်တဲ့ သူတွေအတွက် အသားအရေကို ဘယ်လိုဂရုစိုက်ကြမလဲ

ဆေးခန်းမှာ မကြာခဏ အမေးခံရတတ်တဲ့ မေးခွန်းနှစ်ခုရှိပါတယ်၊၊ တစ်ခုက ၀က်ခြံ အမြစ်ပြတ်အရှင်း ပျောက်မှာလား ဆိုတာနဲ့ နောက်တစ်ခုကတော့ သုံးရက်လောက်နဲ့ ၀က်ခြံအမြန်ပျောက်ချင်တယ် ဆိုပြီးတောင်းဆိုတတ်ကြပါတယ်၊၊ လက်တွေ့မှာတော့ ၀က်ခြံဆိုတာ ဟိုမုန်း သွေးသားနဲ့ ဆိုင်တာမို့ အချိန်ယူကုသဖို့ လိုမှာဖြစ်သလို ၀က်ခြံအသစ်တွေ အထွက်မများအောင်သာ ထိန်းထားပေးလို့ရပါတယ်၊၊ ဒါပေမယ့် အချိန်တစ်ခုရောက်ရင်တော့ သွေးသားပြောင်းလဲမှုတွေ တည်ငြိမ်သွားပြီး ၀က်ခြံထပ်မထွက်တော့တာမျိုးကို ရရှိနိုင်ပါတယ်၊၊ အဲဒီအချိန် မတိုင်ခင်ထိတော့ မိမိရဲ့ ၀က်ခြံထွက်လွယ်တဲ့ အသားရေနဲ့ ကိုက်ညီတဲ့ Skin Care မျိုးကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။

၁။ Cleanser

မျက်နှာသစ်ဆေး က နေ့တစ်နေ့ရဲ့ အစဆိုလဲမမှားပါဘူး။ မိမိရဲ့ အသားရေနဲ. ကိုက်ညီတဲ့ Cleanser  ကို သေချာ ရွေးချယ်ဝယ်ယူသင့်ပါတယ်၊၊ အဆီပြန်တဲ့အသားအရေအတွက် ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်၊၊ အများစု ရှာဝယ်လေ့ ရှိကြတာကတော့ “Oil Control” , “ Acne Prone Skin Type” ရေးထားတဲ့ Facial Foam တွေ ဖြစ်ပါတယ်။ ပါဝင်တဲ့ Ingredients တွေမှာ “Salicylic acid” , “Tea tree”, “Benzyol Peroxide”, “Glycolic acid” စတာတွေကို Highlight လုပ်ဖော်ပြပေးထားတတ်ပါတယ်။ တစ်ခုသတိထားရမှာက အလွန်အကျွံ အသုံးမပြုဖို့တော့ လိုပါတယ်။ ပုံမှန် တစ်နေ့ နှစ်ကြိမ်သစ်ရင် လုံလောက်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ရုတ်တရက် အသားအရေကိုခြောက်သွေ့သွားစေပြီး Rebound Sebum Production လို့ခေါ်တဲ့ အဆီပိုတွေကို ထုတ်စေတတ်လို့ပါ။

နောက်တစ်မျိုး ရွေးချယ်လို့ရတာက Soap Free Gentle Cleaning Milk တွေပါ၊၊ Surfactant လို့ခေါ်နေကြတဲ့ sodium sulfate ပါဝင်မှုကို အနိမ့်ဆုံးထိ လျော့ချပေးပါတယ်။ ဒီလို Cleanser သုံးရင်တော့ အမြှုပ် မထွက်တဲ့အတွက် မျက်နှာမှာအညစ်အကြေးတွေ မပြောင်သလိုတော့ ခံစားရတတ်ပါတယ်၊၊ (ဥပမာ-Cetaphil Gentle Wash )၀က်ခြံ အတွက် လိမ်းဆေး လိမ်းနေတဲ့သူတွေ၊ ဆေးခန်းမှာ Chemical Peeling ကုသမှု ခံယူနေသူတွေ နဲ့ဆိုရင်တော့ နူးညံတဲ့ Gentle Cleanser ကပိုသင့်တော်ပါတယ်၊၊

၂။ Toner

Toner ဟာ အဆီပြန်ပြီး ၀က်ခြံထွက်လွယ်တဲ့ အသားရေမျိုးအတွက် အထူးသင့်လျော်ပါတယ်၊၊ တချို.က Toner ကို ချွေးပေါက်ကျဉ်းဖို့ အတွက်သုံးကြတယ်၊၊ ဒီအယူအဆဟာ မမှန်ကန်ပါဘူး။ မျက်နှာသစ်ဆေးနဲ. သစ်ပြီး ကျန်ခဲ့တဲ့ အဆီ၊ မိတ်ကပ် အညစ်အကြေးတွေ ကို နောက်ထပ်သန့်စင်ဖို့ သုံးရတာ ဖြစ်ပါတယ်၊၊ ပြီးတော့ သူက အရေပြားရဲ့ pH ညွန်းကိန်းကို ထိန်းညှိပေးနိုင်စွမ်းရှိတယ်၊၊ ချွေးပေါက်မကျဉ်းဘူး ဆိုပေမယ့် ချွေးပေါက်ထဲက အညစ်အကြေးတွေနဲ့ အမှိုက်တွေ ကင်းစင်သွားလို့ ကျဉ်းသယောင် ပိုကြည့်ကောင်းနေမှာပါ၊၊ Toner အများစု ဟာ Alcohol ပါဝင်ကြပါတယ်၊၊ ၀က်ခြံသမားတွေအတွက် ဖြစ်နိုင်ရင် Alcohol Free ဒါမှမဟုတ် Alcohol ပမာဏ နည်းတာကို ပိုသုံးသင့်ပါတယ်။ မျက်နှာသစ်ပြီးတိုင်းမှာ ဂွမ်းစလေးနဲ့ ခပ်ဖွဖွလေး မျက်နှာအနှံ လိမ်းပေးနိုင်ပါတယ်၊၊

၃။ Exfoliant

Exfoliant ဆိုတာ Exfoliation လို့ခေါ်တဲ့ မျက်နှာအရေပြားအပေါ်ယံမှာရှိတဲ့ ဆဲလ်သေတွေ ကွာကျအောင် သုံးတဲ့ Skincare အမျိုးအစားပါ၊၊ ပုံမှန်လုပ်ပေးခြင်းဖြင့် အသားရေကို ချောမွတ်စေပြီး အသားရောင်ကို ၀င်းလာစေပါတယ်၊၊ ၀က်ခြံထွက်တတ်တဲ့သူတွေအတွက်လဲ ချွေးပေါက်တွေမှာ ဆဲလ်သေတွေ ပိတ်ဆို့တာမျိုးကို လျော့ချပေးလို့ ၀က်ခြံဖြစ်ပွားမှုကို လျော့ချပေးပါတယ်၊၊ နေ့တိုင်း အသုံးပြုရမယ့် Skincare မျိုးတော့ မဟုတ်ပါဘူး၊၊ တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ် သာ အသုံးပြုသင့်ပါတယ်၊၊

၎။ Moisturizer

Moisturizer ကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားပါ၊၊ အသားရေ ကို အစိုဓာတ်တွေ ပေးတဲ့ အလှကုန်အမျိုးအစားမျိုး တစ်ခုဖြစ်ပါတယ်၊၊ အဆီပြန်တဲ့ အသားရေအမျိုးစား ဆိုရင်တော့ ခပ်ပျစ်ပျစ် Oil Based Cream Type တွေ နဲ့ အဆင်မပြေပါဘူး၊၊ ချွေးပေါက်တွေပိတ်ပြီး ၀က်ခြံတွေပိုပေါက်နိုင်တဲ့ အတွက်ဖြစ်ပါတယ်၊၊ ဒါကြောင့် ၀က်ခြံသမားတွေ အတွက်ဆို Water Based Serum, Emulsion, Gel တွေသာ အသုံးပြုသင့်ပါတယ်၊၊

၅၊၊ Sunscreen/UV Block

ဝက်ခြံသမားတွေအတွက် နေရောင်ကာ လိမ်းဆေး သုံးသင့်မသုံးသင့်ဆိုတာက အယူအဆကွဲလွဲချက်တွေ ရှိနေပါသေးတယ်၊၊ တချို့ဆရာဝန်တွေက နေရောင် က ၀က်ခြံကို ပိုဆိုးစေတယ်၊၊ ၀က်ခြံအမာရွတ် အမဲစက် တွေပိုဖြစ်စေလို့ Sunscreen လိမ်းစေချင်ကြတယ်၊၊ တချို့တွေကျပြန်တော့ နေရောင်ကာ လိမ်းဆေးတွေက ပျစ်လို့ ၀က်ခြံကိုပိုဆိုးစေလို့ မလိမ်းဖို့ တိုက်တွန်းကြပြန်တယ်၊၊ ဒါကြောင့်လိမ်းဖို့ ရှာဝယ်တဲ့နေရာမှာ “Non-Conmedongenic” ဖော်ပြထားတာတဲ့ တံဆိပ်၊ အရည်ကျဲတဲ့ Sunscreen မျိုးကိုသာ အသုံးပြုသင့်ပါတယ်၊၊

Author – Dr. Ye (Clinique de Skin – Dermatology & Laser Clinic)