ကလေးယူမယ့် အိမ်ထောင်သည်များ

အိမ်ထောင်သည်အမျိုးသမီးတွေ အိမ်ထောင်ကျစဖြစ်စေ အိမ်ထောင်ကျတာကြာပြီးမှ လတ်တလောကလေးယူတော့မယ်ဆိုပြီးဖြစ်စေ တွေးတတ်ကြတာလေးတွေ ရှိတတ်ကြတယ်။

ရာသီပေါ်ရက် အတူနေရင်ကလေးရမယ် ထင်တတ်ကြတယ်။ ဘာကြောင့်လဲဆိုရင် ကလေးယူမယ်ပြောလိုက်တိုင်း ရာသီမှန်လား ဆိုတဲက မေးခွန်းက အမေးခံရတော့ ရာသီပေါ်ရက်မှာ အတူနေရင်ကလေးရမယ်လို့ထင်တတ်ကြတယ်။ ရာသီကတောက်လျှောက်ရက်မှန်နေတယ်။ ပုံမှန်လည်းဆင်းနေတယ်ဆို ရာသီရက်တွေမှာ အတူနေတာက ကလေးမရတတ်ပါဘူး။ ဒါပေမယ့် ရာသီပေါ်တဲ့ရက်မှာ အတူနေရင် ကလေးလုံးဝမရဘူးလို့တော့ မပြောပါဘူး။ တစ်ခါတစ်လေမှာ ရာသီ မမှန်တာတွေ နည်းနည်းစီဆင်းနေတတ်တာတွေမှာ အတူနေမိရင် ကလေးရသွားနိုင်ပါတယ်။

ကလေးရဖို့ရာသီပေါ်ရက်က အရေးကြီးလားဆိုရင် အရေးကြီးပါတယ်။ ရာသီပေါ်ရက်မှန်နေမှ သားဥကြွေတဲ့ရက်ကိုတွက်နိုင်ပါတယ်။ ရာသီပေါ်တယ်ဆိုတာ ကိုယ်ဝန်ဆောင်ဖို့အတွက် ဟော်မုန်းတွေရဲ့ ဖြစ်စဉ်နဲ့ သားအိမ်နံရံမှာ လတိုင်းပြင်ဆင်ပေးထားတဲ့ အလွှာတွေက ကိုယ်ဝန်မဆောင်ဖြစ်တဲ့အခါမှာ ပြန်ပြီးကွာကျတဲ့သဘောပါ။ မသန့်တဲ့သွေးတွေလည်းမဟုတ်ပါဘူး။

ရာသီပေါ်ရက်နဲ့ တွက်ပြီးသားဥကြွေတဲ့ရက်ကိုမှန်းနိုင်ပါတယ်။ ၂၈ရက်တစ်ခါ ရာသီပေါ်နေကျ သူတစ်ယောက်အတွက်တော့ ရာသီစပေါ်ပြီး ၁၄ရက်မြောက်နေ့မှာ သားဥကြွေတတ်ပါတယ်။ ရာသီစက်ဝန်းအတိုအရှည်ပေါ်မူတည်ပြီး သားဥကြွေတဲ့ရက်ကအပြောင်းအလဲရှိမှာပါ။ ဒါကြောင့်လည်း ကိုယ်ဝန်ယူတော့မယ်ဆိုရင် ရာသီရက်မှန်လားဆိုတဲ့မေးခွန်းကို မေးနေကြတာပါ။

နောက်တစ်ခုကတော့ ကလေးယူဖို့ဆိုပြီး ဆုံးဖြတ်ထားတဲ့အိမ်ထောင်သည်တွေ မေးတဲ့မေးခွန်းရှိပါတယ်။ သားအိမ်အားဆေးသောက်ဖို့လိုလားဆိုပြီးပါ။ တကယ်က သားအိမ်အားဆေးဆိုတာမရှိပါဘူး ။ FOLIC ACID က သားအိမ်အားဆေးမဟုတ်ပါဘူး။ အားဆေးတစ်မျိုးပါပဲ။ သွေးအားကောင်းစေတယ်။ ကလေးရတဲ့အခါကိုယ်ဝန်စရှိတဲ့ ပထမသုံးလမှာသေချာသောက်ပေးရင် ကလေးမှာမွေးရာပါ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းချို့တဲ့တာတွေ မဖြစ်စေတော့ပါဘူး။ ဒါကြောင့်လည်းသားဖွားမီးယပ်အများစုက ကြိုသောက်ထားလို့ရလို့ပေးလိုက်တာပါ။ VITAMIN E လည်း အားဆေးသက်သက်ပါပဲ။ ဆံပင်နဲ့ အသားအရည်အတွက်လည်းကောင်းစေတယ်။ လူနဲ့လည်းတည့်ပါတယ်။ ဒါကြောင့် သောက်ဖို့ပေးထားတာပါ သားအိမ်အားဆေးတွေတော့မဟုတ်ပါဘူး။

အတူနေတဲ့အခါမှာလည်း ဘယ်လိုပုံစံနေမှ ကလေးရပါမယ်ဆိုတာမရှိပါဘူး။ ဘယ်လိုပုံစံပဲနေနေ သုတ်ပိုးနဲ့ သားဥနဲ့တွေ့တယ်ဆို ကလေးရနိုင်ပါတယ်။
အမြွှာကလေးလိုချင်လို့ ဘယ်လိုလုပ်ရမလဲ ဆိုတာလည်းရှိတယ်။ အမြွှာဘာကြောင့်ဖြစ်လဲ အမြွှာလို့ပြောတဲ့နေရာမှာ သားအိမ်ထဲမှာပဲ ရေမွှာအိတ်တစ်အိတ်ထဲ ပေါင်းနေတာလည်းဖြစ်နိုင်တယ်။ တစ်ယောက်တစ်အိတ်စီလည်းဖြစ်နိုင်တယ်။ အမြွှာဖြစ်ဖို့က သားဥနဲ့ သုတ်ပိုးပမာဏပေါ် မူတည်တတ်ပါတယ်။
ကလေးယူတဲ့အခါမှာလည်း ယောကျာ်းလေးမှ လိုချင်တယ်။ မိန်းကလေးမှလိုချင်တယ်လည်း မရပါဘူး။ သားဥနဲ့တွေတဲ့ဘသုတ်ပိုးပေါ်မှာပဲ မူတည်ပါတယ်။ ဖန်ပြွန်စနစ်လို သားဥထဲကို သုတ်ပိုးထည့်တဲ့နည်းလမ်းနဲ့ဆိုရင်တော့ လုပ်လို့ရနိုင်ပါလိမ့်မယ်။
ကြုံတွေ့နေရတာလေးတွေပါ။

Author: Dr. CST