ပါးချိတ်ရောင်နာ မကြောက်ပါနဲ့

ပါးချိတ်ရောင်နာ (Parotitis) ဆိုတာက ကျနော်တို့လူတွေရဲ့ ပါးချိတ်နှစ်ဘက်အတွင်းမှာရှိတဲ့ တံတွေးထုတ်ပေးတဲ့အကျိတ်ဂလင်း (Parotid Salivary Glands) တွေ တစ်ဘက် ဒါမှမဟုတ် နှစ်ဘက်စလုံးရောင်တာကိုခေါ်ကြတာပါ… ဒီ ပါးချိတ်တံတွေးကျိတ်တွေက အများဆုံးရောင်ကြတဲ့ အကျိတ်ဂလင်းတွေဖြစ်ပြီး ရောင်ရတဲ့အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်…

စတက်ဖိုင်လိုကော့ကပ်အောရီးယပ်စ် (Staphylococcus aureus) လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးအပါအဝင် အကျိုးပြုဘက်တီးရီးယားအချို့ကြောင့်လည်းရောင်တတ်သလို၊ အဆုတ်ပြင်ပတီဘီ (Extrapulmonary Tuberculosis)  နဲ့ တီဘီရောဂါကိုဖြစ်စေတဲ့ Mycobacterium Tuberculosis ဘက်တီးရီးယားပိုးကြောင့်လည်း ရောင်တတ်ပါတယ်… အဲ့ဒါအပြင် ကိုယ့်ရဲ့ ကိုယ်ခံအားကြောင့်ဖြစ်တဲ့ Sjogren’s syndrome လို၊ Mikulicz disease လိုရောဂါမျိုးကြောင့်လည်း ပါးချိတ်ရောင်တတ်သလို တံတွေးကျိတ်ကနေထွက်တဲ့ပြွန်မှာ တံတွေးကနေဖြစ်တဲ့ကျောက် (salivary stone) တွေ၊ ချွဲတွေဆို့နေရင်လည်း ရောင်တတ်ပါတယ်… ဒါပေမယ့် အဖြစ်အများဆုံးက Mumps ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ပါးချိတ်ရောင်နာ (Acute Viral Parotitis, Mumps) ပဲဖြစ်ပါတယ်… ဒီဆောင်းပါးမှာတော့ ဒီ Mumps ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ပါးချိတ်ရောင်နာအကြောင်းကို ပြောပြပေးပါ့မယ်…

ကျနော် ဆေးကျောင်းသား တတိယနှစ်ဘဝက ပါးချိတ်ရောင်နာဖြစ်ဘူးပါတယ်… ပထမဆုံး ဘယ်ဘက်တစ်ဘက် အရင်ဖြစ်တာပါ… နာလွန်းလို့ အစာကောင်းကောင်းမဝါးနိုင်… ဒါပေသိ ပါးချိတ်ရောင်တာက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်နိုင်တယ်ထင်လို့ ကိုယ်ခံအားကိုအားဖြည့်ပေးတဲ့အနေနဲ့ အိပ်ရေးဝဝအိပ်၊ အစာကို ကြိတ်မှိတ်စားပါတယ်… ငါးရက်လောက်အကြာမှာတော့ ညာဘက်ပါးချိတ်ပါ ရောင်လာပါတယ်…ဆေးလည်းသောက်သလို အစာလည်း ကြိတ်မှိတ်စားပါတယ်… ကျနော်သွားစားနေတဲ့ ထမင်းဆိုင်က ကျနော်ပါးချိတ်ရောင်နေမှန်းမသိတော့ “ပါးဖောင်းဖောင်းနဲ့ကောင်လေးက ထမင်း အသားကုန်စားနိုင်တယ်” လို့တောင် အံ့သြတကြီး ပြောဖူးပါတယ်… အဲ့လိုကြောင့်ပဲ ကိုယ်ခံအားတွေ ကောင်းပြီး နှစ်ဘက်လုံးရောင်ပြီး ၃ရက်အကြာလောက်မှ သက်သာသွားပါတယ်… ဒါကြောင့်ပြောချင်တာက ပါးချိတ်ရောင်တယ်ဆိုတိုင်းအစာမစားဘဲမနေပါနဲ့… ကြိတ်မှိတ်ပြီးစားမှ သက်သာမယ်ဆိုတာကို ပြောချင်တာပါ…

ဒီ Mumps ဗိုင်းရပ်စ်ပိုးက တစ်ယောက်ကနေတစ်ယောက်ကို တံတွေး၊ နှပ်ရည်၊ ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့ဆက်ဆံမိရာကနေ ကူးစက်နိုင်ပါတယ်… ဒီဗိုင်းရပ်စ်ပိုးက ပါးချိတ်တံတွေးကျိတ်ဂလင်းကိုပဲ အဓိက ကူးစက်တာပါ… လူတိုင်းမှာ ဒီပါးချိတ်တံတွေးကျိတ်ဂလင်း ၃ စုံရှိပါတယ်… မျက်နှာရဲ့ ဘေးတစ်ဘက်တစ်ချက်မှာရှိတဲ့ နားရွက်ရဲ့ အောက်ဘက်နဲ့ နောက်ဘက်မှာပါ…

ဒီ Mumps ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး နှစ်ပတ်အတွင်းမှာ ရောဂါလက္ခဏာတွေ စပြလာပါတယ်… အရင်ဆုံး တုပ်ကွေးမိသလို ဖျားတတ်ပါတယ်… နောက်ပြီး ကိုယ်လက်တွေ နုံးခွေမယ်၊ ကိုက်ခဲမယ်၊ ခေါင်းကိုက်မယ်၊ အစာစားချင်စိတ်လျော့သွားတာမျိုးတွေဖြစ်လာတတ်ပါတယ်…  နောက်ရက်အနည်းငယ်ကြာရင် ပါးချိတ်တံတွေးကျိတ်ပါ ရောင်လာတတ်ပြီး အဖျားက ၁၀၃ ဒီဂရီဖာရင်ဟိုက်လောက်အထိ တက်လာတတ်ပါတယ်… ဒီပါးချိတ်ရောင်နေတဲ့အချိန်မှာ ဒီ Mumps ဗိုင်းရပ်စ်ပိုးက သူများကို ကူးစက်ဖို့ အလွယ်ဆုံးပါပဲ…

ဒီ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပါးချိတ်ရောင်ရောဂါဖြစ်လာပြီဆိုရင် အနာသက်သာအောင်၊ အဖျားကျအောင် အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးတွေ သောက်လို့ရပါတယ်… ဗိုင်းရပ်စ်ပိုးဖြစ်တဲ့အတွက် ဘက်တီးရီးယား ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ သတ်လို့မရဘူးဆိုပေမယ့် ဒီဗိုင်းရပ်စ်ပိုးကြောင့် အစာမစားနိုင်ဘဲ ကိုယ်ခံအားနည်းနေတဲ့အချိန် တခြား ဘက်တီးရီးယားရောဂါပိုးတွေဝင်လာမှာကို ကာကွယ်တဲ့အနေနဲ့ ဘက်တီးရီးယားပဋိဇီဝပိုးသတ်ဆေးကိုပါ တိုက်ကျွေးနိုင်ပါတယ်… နောက်ပြီး အဖျားကြောင့် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်စေနိုင်ဖို့အတွက် ရေများများသောက်ပေးရပါမယ်… စွပ်ပြုတ်၊ ဒိန်ချဉ်လို သိပ်ဝါးစရာမလိုတဲ့ အာဟာရပြည့်မယ့် အစားအစာတွေ စားပေးသင့်ပါတယ်… အက်ဆစ်ဓာတ်ရှိတဲ့ အစားအစာတွေနဲ့ အဖျော်ယမကာတွေကိုတော့ ရှောင်သင့်ပါတယ်… နောက်ပြီး အိပ်ရေးဝဝအိပ်မယ်၊ လေကောင်းလေသန့်ရှူမယ်ဆိုရင် တစ်ပတ်၊ ဆယ်ရက်အကြာမှာ ပုံမှန်အတိုင်း ရောဂါသက်သာသွားပါလိမ့်မယ်…

ဒီ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ပါးချိတ်ရောင်နာ Mumps ဟာ တစ်ခါဖြစ်ပြီးသွားရင် တစ်သက်လုံး ပြန်မဖြစ်နိုင်တော့ပါဘူး… ဒီ Mumps ရဲ့ နောက်ဆက်တွဲဆိုးကျိုးက ရောဂါအနေနဲ့ဖြစ်တာ ရှားတယ်ဆိုပေမယ့် ရှိပါတယ်… အထူးသဖြင့် ယောကျာ်းလေးတွေမှာပါ… ဘာဖြစ်တာလဲဆိုရင် ဝှေးစေ့တွေ ရောင် (Orchitis) လာတတ်ပြီး အခန့်မသင့်ရင် ကလေးမရတဲ့ အမြုံ ဖြစ်သွားတတ်ပါတယ်… တကယ်လို့ ဝှေးစေ့တွေပါ ရောင်လာပြီဆိုရင် ဝှေးစေ့ကို ရေခဲအိတ်ကပ်ပေးတာ၊ အကိုက်အခဲပျောက်ဆေးတွေသောက်တာ၊ထိုးတာနဲ့ သက်သာအောင် ကုသမှုပေးနိုင်ပါတယ်…

နောက်ဆက်တွဲဖြစ်တတ်တာ နောက်တစ်ခုက မုန့်ချိုအိတ်ရောင်တာ (Mumps induced Pancreatitis) ပါ… ဒါကတော့ ယာယီပဲဖြစ်တတ်ပါတယ်… ဗိုက်အောင့်တာ၊ ပျို့တာ၊ အန်တာမျိုးနဲ့လာနိုင်ပါတယ်…

အဆိုးဆုံးကတော့ ဦးဏှောက်အမြှေးပါးရောင်တာ( Meningitis)၊ ဦးဏှောက်ရောင်တာ (Encephalitis) တွေအထိ ဖြစ်သွားတတ်ပြီး ဒါကို ပေါ့ပေါ့ဆဆနဲ့ မကုသဘဲထားရင် အသက်သေတဲ့အထိ ဖြစ်သွားနိုင်ပါတယ်… ဒါကြောင့် လူနာဟာ ပါးချိတ်ရောင်တာကနေ မခံမရပ်နိုင်အောင် ခေါင်းကိုက်တာ၊ သတိလစ်တာ၊ တက်တာမျိုးဖြစ်လာရင်တော့ အချိန်မဆိုင်းဘဲ နီးစပ်ရာဆေးရုံ၊ဆေးခန်းကို သွားပြီး ကုသမှုခံယူသင့်ပါတယ်…

ဒီ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ပါးချိတ်ရောင်ရောဂါမဖြစ်အောင် ကာကွယ်ဆေးထိုးခြင်းအားဖြင့် ကာကွယ်နိုင်သလို တစ်ခါဖြစ်ဖူးရင်လည်း တစ်သက်လုံးပြန်မဖြစ်နိုင်တော့တာမို့ အရမ်းကြီး ကြောက်စရာကောင်းတဲ့ ရောဂါထဲမှာတော့ မပါဝင်ပါဘူး… ဒါပေမယ့် ပေါ့ပေါ့ဆဆနဲ့ မကုသဘဲထားရင် နောက်ဆက်တွဲရောဂါတွေဖြစ်လာပြီး အသက်ဆုံးရှုံးတတ်၊ မြုံတတ်တာမို့ သတိထားသင့်တဲ့ ရောဂါတစ်ခုတော့ဖြစ်ပါတယ်…

နိဂုံးချုပ်အနေနဲ့ပြောရရင် ပါးချိတ်ရောင်တဲ့အကြောင်းရင်းများစွာထဲက ဒီ Mumps ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ပါးချိတ်ရောင်နာကိုတော့ အကြောင်းသိရင်၊ လုပ်သင့်လုပ်ထိုက်တာသိရင် ကြောက်စရာမလိုပါဘူး လို့ပြောကြားရင်း ကျနော့်ရဲ့ ဒီ “ ပါးချိတ်ရောင်နာ မကြောက်ပါနဲ့” ဆိုတဲ့ဆောင်းပါးလေးကို နိဂုံးချုပ်ခွင့်ပြုပါ ခင်ဗျာ…

Author – ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)

Leave a Reply