မေးခိုင်ရောဂါ ကြောက်စရာ

မေးခိုင်ရောဂါ (tetanus) ဆိုတာကို လူတိုင်းကြားဖူးကြမယ်ထင်ပါတယ်… ဘာလို့ မေးခိုင်ရောဂါလို့ ခေါ်တာလဲဆိုရင် မေးခိုင်ရောဂါဖြစ်ရင် မေးရိုးတွေကစပြီး မာတောင့်လာပြီး တစ်ကိုယ်လုံးက ကြွက်သားတွေပါ တောင့်တင်းလာတတ်တာမျိုးမို့ပါ… အခုခေတ်မှာ မေးခိုင်ကာကွယ်ဆေးတွေ ပေါ်လာပြီဆိုပေမယ့် မေးခိုင်ရောဂါရဲ့ အန္တရာယ်ဟာ အခုထိ ရှိနေဆဲ၊ ရှိနေလတ္တံ့၊ ဒုက္ခပေးနေဆဲ၊ ဒုက္ခပေးလတ္တံ့ပါပဲ… မေးခိုင်ရောဂါပိုး ကူးစက်ခံရပြီး မေးခိုင်ရောဂါဖြစ်ပွားတဲ့သူတွေရဲ့ ၁၀ ရာခိုင်နှုန်းဟာ ကုသမှုခံယူခွင့် ရရင်တောင်မှ အသက်မရှင်ကြပါဘူး…

ဒီလောက်ဆိုးတဲ့ မေးခိုင်ရောဂါကိုဖြစ်စေတဲ့အကောင်က မြေဆီတွေ၊ မြေဆွေးတွေ၊ ဖုန်မှုန့်တွေ၊ သံချေးတွေထဲမှာ ပေါက်ပွားနေထိုင်ကြတဲ့ လေမရှိဘဲ အသက်ရှင်နေထိုင်နိုင်ကြတဲ့ Clostridium tetani လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေပါပဲ… အဲ့ဒီပိုးတွေဟာ ကိုယ်ခန္ဓာထဲကို ဘယ်လိုဝင်ကြသလဲဆိုရင် ချေးတက်နေတဲ့ ညှောင့်စူး၊ သံစူးမိတာအပြင် ကြောင်ကုတ်၊ ခွေးကိုက်၊ မျောက်ကုတ်မိတာတွေကနေတဆင့် ပေါက်ပြဲနေတဲ့ အရေပြားကိုဖြတ်ပြီး ဝင်ရောက်တတ်ကြပါတယ်… အနည်းဆုံး ပိုးရှိတဲ့ ဆူး၊ သံလေးနဲ့ အသာလေးခြစ်မိရင်တောင် ကူးစက်စေတတ်ပါတယ်… ဒါမှမဟုတ် ပေါက်ပြဲနေတဲ့ ခြေ၊လက်နဲ့ မေးခိုင်ပိုးရှိတဲ့ မြေဆွေး၊ ဖုန်တွေကို ကိုင်မိတာ၊ ထိမိတာဆိုရင်တောင်မှ မေးခိုင်ရောဂါပိုး ကူးစက်စေနိုင်ပါတယ်… ဒါကြောင့် ထိခိုက်ဒဏ်ရာရလာတိုင်း အရင်သုံးလအတွင်း မေးခိုင်ကာကွယ်ဆေးမထိုးထားဖူးဘူးဆိုရင် ဆေးခန်းတွေမှာ ချက်ချင်း မေးခိုင်ကာကွယ်ဆေး ထိုးပေးကြတာပါ…

မေးခိုင်ရောဂါက မေးခိုင်ပိုးကူးစက်ခံရပြီး ၈ရက်ကနေ ၇ လအတွင်း လက္ခဏာစပြပါတယ်… ယေဘုယျအားဖြင့် ပိုးဝင်ရောက်တဲ့နေရာက ဗဟိုအာရုံကြောစနစ်နဲ့ ဝေးလေလေ လက္ခဏာစပြချိန် ကြာလေလေပဲဖြစ်ပါတယ်… လက္ခဏာစပြချိန် တိုတောင်းလေလေ ဝေဒနာခံစားရမှု ပြင်းထန်လေလေပါပဲ… မွေးကင်းစကလေးတွေမှာတော့ မွေးပြီး ၄ ရက်ကနေ ၁၄ရက်အတွင်းမှာ လက္ခဏာစပြပါတယ်…

မေးခိုင်ပိုးဟာ ကြွက်သားတွေရဲ့ ကျုံ့ဆန့်မှုကို နှောင့်ယှက်တဲ့ အဆိပ်တွေကို ထုတ်လွှတ်ပေးတာမို့ တခြားရောဂါတွေနဲ့မတူတဲ့ ရောဂါလက္ခဏာတွေကို ဖြစ်လာစေတတ်တာပါ… မေးခိုင်ပိုးကူးစက်ခံရရင် အရင်ဆုံး မေးရိုးတွေမာတောင့်လာပြီး ပါးစပ်မဟနိုင်ဖြစ်ပါတယ်… ဒါကို အနောက်တိုင်းအခေါ်နဲ့ Lockjaw or trismus လို့ခေါ်ပါတယ်… ဒါ့အပြင် မျက်နှာမှာရှိတဲ့ ကြွက်သားတွေကိုပါ ဆွဲကျုံ့စေတာမို့ Risus sardonicus or Risus grin လို့ခေါ်တဲ့ မျောက်ပြုံးပြုံး (သို့မဟုတ်) စပ်ဖြဲဖြဲ မျက်နှာပုံစံဖြစ်လာပါတယ်… အဲ့ဒါဟာ ပြောင်ပြနေတာမဟုတ်ပါဘူး… မေးခိုင်ရောဂါဖြစ်နေတဲ့ လက္ခဏာတစ်ခုပါ…

မေးရိုးတောင့်ပြီးနောက်ပိုင်း လည်ပင်း၊ ရင်ဘတ်၊ နောက်ကျော၊ ဝမ်းဗိုက်နဲ့ တင်ပါးမှာရှိတဲ့ ကြွက်သားတွေပါ အခုလို တောင့်တင်းမာကြောလာတတ်ပါတယ်… နောက်ကျောက ကြွက်သားတွေက အရမ်းကို ဆွဲကျုံ့လိုက်တဲ့အခါ လူဟာ လေးကိုင်းလို နောက်ပြန်ကွေးညွတ်သွားတတ်ပါတယ်… အဲ့ဒါကို အနောက်တိုင်းဆေးပညာအခေါ်နဲ့ opisthotonus or opisthotonos လို့ခေါ်ပါတယ်… တခါတရံမှာ ဒီလို ကြွက်သားတွေတောင့်တင်းပြီးတက်တာက အသက်ရှူတာကို အထောက်အကူပေးတဲ့ ကြွက်သားတွေကိုပါ ကျုံ့ပစ်တာမို့ အသက်ရှူမရဖြစ်တတ်ပါတယ်…

ကြွက်သားတွေ အကြာကြီး ပြင်းပြင်းထန်ထန်ကျုံ့ရင် အလွန်နာကျဉ်တတ်ပြီး ဒါကို tetany လို့ခေါ်ပါတယ်… ဒီလိုဖြစ်တာ ပြင်းထန်လွန်းလို့ အရိုးတွေကျိုးတာ၊ ကြွက်သားတွေစုတ်ပြဲတာမျိုးအထိ ဖြစ်နိုင်ပါတယ်.. တခြားလက္ခဏာတွေအနေနဲ့ သွားရည်တွေတမြားမြားကျတာ၊ ချွေးတွေအများကြီးထွက်တာ၊ ဖျားတာ၊ လက်ဖဝါး၊ ခြေဖဝါးတွေ ကျုံ့တောင့်တာ၊ စိတ်ဆတ်တာ၊ အစာမျိုရခက်တာ၊ အသက်ရှူမရတာ၊ လေမွန်းတာ၊ နှလုံးခုန်မမှန်တာ၊ နှလုံးထိခိုက်တာ၊ ဆီး၊ဝမ်း မထိန်းနိုင်တာတွေလည်း ဖြစ်တတ်ပါတယ်…

ထိန်းချုပ်နိုင်တဲ့ အရိုးငြမ်းကြွက်သား (Voluntary Skeletal Muscles)တွေကိုပဲ မေးခိုင်ပိုးရဲ့ အဆိပ်က သက်ရောက်မှုရှိတာဖြစ်ပြီး နှလုံးကြွက်သားလို ကိုယ်ခန္ဓာရဲ့ တခြားကြွက်သားတွေအပေါ်တော့ သက်ရောက်နိုင်စွမ်းမရှိတာက နည်းနည်း ကံကောင်းတယ်လို့ ပြောလို့ရပါတယ်… တကယ်လို့သာ အဲ့ဒီ တခြား ကြွက်သားတွေပေါ်ကိုလည်း သက်ရောက်မှုရှိခဲ့မယ်ဆိုရင် အခုထက်ပိုပြီး သေနှုန်းမြင့်နိုင်ပါတယ်…

မေးခိုင်ရောဂါကို

၁။ တစ်ကိုယ်လုံးဖြစ်သောမေးခိုင် (Generalized Tetanus)

၂။ မွေးကင်းစမေးခိုင် (Neonatal Tetanus)

၃။ ခိုက်မိသောနေရာတင်ဖြစ်သောမေးခိုင် (Local Tetanus)

၎။ ဦးခေါင်းတွင်သာဖြစ်သောမေးခိုင် (Cephalic Tetanus)

ဆိုပြီး အမျိုးအစား (၄)မျိုး ခွဲခြားနိုင်ပါတယ်…

တစ်ကိုယ်လုံးဖြစ်တဲ့မေးခိုင်က အဖြစ်အများဆုံးအမျိုးအစားဖြစ်ပြီး မေးခိုင်ရောဂါအားလုံးရဲ့ ၈၀% မှာဖြစ်ပါတယ်… ဒီမေးခိုင်က အပေါ်မှာပြောထားတဲ့ လက္ခဏာတွေအတိုင်း မေးခိုင်တယ်၊ မျက်နှာ စပ်ဖြဲဖြဲဖြစ်တယ်၊ နောက်ပြီးအောက်ဆင်းလာပြီး လည်ပင်းကစလို့ တစ်ကိုယ်လုံးက ကြွက်သားတွေ တောင့်တင်းလာတယ်… အသက်ရှူခက်တာ၊ အစာမျိုခက်တာ၊ ဖျားတာ၊ ချွေးထွက်လွန်တာ၊ နှလုံးခုန်မြန်တာတွေလည်း ဖြစ်တတ်ပါတယ်… ဒီလိုခံစားရတာက လေးပတ် (တစ်လ) လောက်အထိ ကြာနိုင်ပါတယ်.. လုံးဝပြန်ကောင်းဖို့ဆိုရင်တော့ လပေါင်းများစွာ ကြာနိုင်ပါတယ်… များသောအားဖြင့် မကုသဘဲထားရင် လေးရက်အတွင်း သေနိုင်ပါတယ်…

မွေးကင်းစမေးခိုင်ရောဂါကတော့ တစ်ကိုယ်လုံးဖြစ်တဲ့မေးခိုင်ရဲ့ ပုံစံကွဲတစ်ခုပါပဲ… ဘာလို့ခွဲပြောတာလဲ ဆိုရင် မွေးကင်းစမှာဖြစ်တတ်လို့ပါ… မွေးကင်းစမှာ ဘယ်လိုကြောင့်ဖြစ်သလဲဆိုရင် မွေးပြီးလို့ ချက်ကြိုးဖြတ်တဲ့အခါမှာသုံးတဲ့ကိရိယာ၊ ချက်ကြိုးချည်တဲ့ကြိုးတွေမသန့်လို့ရှိရင် မွေးကင်းစကလေးတွေကို မေးခိုင်ပိုးကူးစက်ဝင်ရောက်တတ်တာကြောင့်ပါ… ဒါ့အပြင် မွေးကင်းစကလေးငယ်ရဲ့ ချက်ထဲကို မသန့်တဲ့ဆေးရွက်ကြီးတွေ၊ မသန့်တာတွေထည့်မိရင်လည်း မွေးကင်းစကလေးငယ်မှာ မေးခိုင်ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်… အဲ့ဒါကြောင့် ကလေးရဲ့ ချက်ထဲကို ဘာမှ မထည့်ဖို့ ညွန်ကြားကြတာပါ…

နောက်တစ်ချက်က မိခင်က မေးခိုင်ကာကွယ်ဆေး မထိုးထားလို့ပါ… တကယ်လို့သာ ကိုယ်ဝန်ဆောင်မိခင်က မေးခိုင်ကာကွယ်ဆေး ကြိုတင်ပြီး ထိုးထားမယ်ဆိုရင် မွေးကင်းစကလေးငယ်တွေမှာ မိခင်ဆီကနေ မေးခိုင်ရောဂါပိုးကို ကာကွယ်တဲ့ ကိုယ်ခံအားတွေရရှိနေမှာမို့ မေးခိုင်ရောဂါ မဖြစ်နိုင်ပါဘူး… ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်တိုင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ မေးခိုင်ကာကွယ်ဆေး အနည်းဆုံးနှစ်ကြိမ် ထိုးထားပြီးဖြစ်သင့်ပါတယ်… ဒီလိုကာကွယ်ဆေးထိုးကြတဲ့အတွက် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ မဖွံ့ဖြိုးသေးတဲ့နိုင်ငံ တွေထက်ပိုပြီး မွေးကင်းစကလေးငယ်တွေမှာ မေးခိုင်ရောဂါဖြစ်နှုန်း အလွန်နည်းပါတယ်…

နေရာတင်ဖြစ်တဲ့ မေးခိုင်ရောဂါကတော့ အဖြစ်နည်းပါတယ်… ဒီမေးခိုင်အမျိုးအစားဖြစ်ရင်တော့ လူနာဟာ သူထိခိုက်မိတဲ့နေရာ၊ ပိုးဝင်ရောက်တဲ့နေရာမှာရှိတဲ့ ကြွက်သားတွေပဲ ကျုံ့တောင့်သွားတတ်တာ ဖြစ်ပါတယ်… ဒီလို ကျုံ့တောင့်နေတာက ရက်သတ္တပါတ်ပေါင်းများစွာကြာနိုင်ပြီး တဖြည်းဖြည်းချင်းမှ သက်သာ သွားတတ်ပါတယ်… ဒီ နေရာတင်ဖြစ်တဲ့မေးခိုင်ရောဂါဝေဒနာရှင်တွေရဲ့ (၁) ရာနှုန်းလောက်သာ သေနိုင်တာဖြစ်ပေမယ့် ဒီနေရာတင်ဖြစ်တဲ့ရောဂါဟာ တစ်ကိုယ်လုံးဖြစ်တဲ့မေးခိုင်ရောဂါရဲ့ ရှေ့ပြေးလက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါသေးတယ်…

ဦးခေါင်းမှာတင်ဖြစ်တဲ့ မေးခိုင်ရောဂါကတော့ အရှားပါးဆုံး မေးခိုင်ရောဂါအမျိုးအစားတစ်ခုဖြစ်ပြီး မေးခိုင်ရောဂါဖြစ်ပွားမှုအားလုံးရဲ့ ၀.၉ ကနေ ၃ ရာခိုင်နှုန်းလောက်မှာပဲ တွေ့ရတတ်ပါတယ်… သူကတော့ ဦးခေါင်းမှာတင်ဖြစ်တယ်ဆိုတဲ့အတိုင်းပဲ၊ ဦးခေါင်းပိုင်းမှာရှိတဲ့ ကြွက်သားတွေနဲ့ အာရုံကြောတွေကိုပဲ သက်ရောက်စေတာ၊ ကျုံ့တောင့်စေတာဖြစ်ပါတယ်… များသောအားဖြင့် ခေါင်းကိုထိခိုက်မိတာကြောင့် ခေါင်းခွံရိုးအက်ကွဲတာ၊ စုတ်ပြဲတာ၊ မျက်စိထိခိုက်မိတာ၊ သွားနှုတ်တာ၊ အလယ်နားပြည်ယိုတာတွေကြောင့် ဖြစ်တာများပါတယ်… ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းမှာ ထိခိုက်ဒဏ်ရာရရင်လည်း ဒီ ဦးခေါင်းမှာတင်ဖြစ်တဲ့ မေးခိုင်ရောဂါအမျိုးအစားဖြစ်နိုင်ပါသေးတယ်… မျက်နှာဆိုင်ရာဦးဏှောက်အာရုံကြော (Facial Nerve) ကို အများဆုံးထိခိုက်မိတာကြောင့် မေးခိုင်တာ၊ မျက်နှာအာရုံကြောသေတာ၊ မျက်ခွံတွဲကျတာတွေ ဖြစ်တတ်ပါတယ်… တခြားဦးဏှောက်အာရုံကြောတွေကိုလည်း ထိခိုက်မိတာမျိုးဖြစ်နိုင်ပါ သေးတယ်… ဒီအမျိုးအစားဟာ ရှားပါးလွန်းတာကြောင့် သူ့မှာဖြစ်တဲ့လက္ခဏာတွေက မေးခိုင်ရောဂါမှာ ပုံမှန်တွေ့နေကျ လက္ခဏာတွေနဲ့ ကွဲပြားတာမို့ တချို့ဆရာဝန်တွေတောင် မေးခိုင်ရောဂါလို့ သံသယဖြစ်ခဲကြပါတယ်… ဒါပေမယ့် ဒီအမျိုးအစားဟာ တခြားအမျိုးအစားတွေထက် ပိုပြီး အသက်အန္တရာယ် ဖြစ်စေနိုင်ပြီး ဒီအမျိုးအစားကနေ တစ်ကိုယ်လုံးမှာဖြစ်တဲ့မေးခိုင်ရောဂါအမျိုးအစားအဖြစ်ပြောင်းလဲသွားရင် သေနှုန်း ၁၅ – ၃၀ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်…

အခုထက်ထိတော့ မေးခိုင်ပိုးရှိမရှိကို သွေးကတဆင့် စစ်ဆေးနိုင်ခြင်းမရှိသေးပါဘူး… အဓိကကတော့ လူနာရဲ့ ရောဂါလက္ခဏာတွေနဲ့ပဲ မေးခိုင်ရောဂါဟုတ်မဟုတ် ခွဲခြားနိုင်တာဖြစ်ပါတယ်… နောက်ပြီး spatula test လို့ခေါ်တဲ့ မေးခိုင်ရောဂါဟုတ်၊ မဟုတ် စမ်းသပ်တဲ့ နည်းတစ်ခုကိုလည်း အသုံးပြုနိုင်ပါသေးတယ်… ဘယ်လိုစမ်းသလဲဆိုရင် လူနာရဲ့ အနောက်ဘက်အာခေါင်နံရံကို ထိပ်ဖျားပျော့တဲ့ကိရိယာ (ဂွမ်းကိုထိပ်မှာ ညှပ်ထားတဲ့ ဆေးခန်းသုံးညှပ်ဆိုရင်လည်းရပါတယ်…) နဲ့ ထိပြီး စမ်းတာဖြစ်ပါတယ်… အဲ့လို စမ်းတဲ့အခါ မေးရိုးက တမင်လုပ်တာမဟုတ်ဘဲ အဲ့ကိရိယာကို အလိုလျောက် ကိုက်မိတယ်ဆိုရင် Spatula test positive ဖြစ်လို့ မေးခိုင်ရောဂါ ဖြစ်နိုင်တယ်လို့ ပြောလို့ရပြီး မေးရိုးကဘာမှမဖြစ်ဘဲ အဲဒီဝင်လာပြီးထိတဲ့ ကိရိယာကို ပျို့ပြီး အန်ထုတ်ဖို့ ကြိုးစားတယ်ဆိုရင်တော့ Spatula test negative ဖြစ်လို့ ပုံမှန်ပဲလို့ ပြောလို့ရပါတယ်… ဒီ Spatula test နဲ့ စမ်းသပ်တာဟာ တကယ့်ကို တိကျတဲ့ နည်းစနစ်တစ်ခုဖြစ်ပြီး မှားယွင်းပြီး positive ဖြစ်နိုင်ခြေမရှိ (high specificity , zero false-positive test results) တဲ့အပြင် မေးခိုင်ရောဂါဖြစ်နေတဲ့လူနာ ၉၄% မှာ Positive ဖြစ်တယ် (high sensitivity ) လို့ အမေရိကန် အပူပိုင်းဒေသ ဆေးပညာနှင့် တကိုယ်ရည်သန့်ရှင်းမှုဂျာနယ် (The American Journal of Tropical Medicine and Hygiene ) က ဖော်ပြခဲ့ပါတယ်…

မေးခိုင်ရောဂါဖြစ်လာပြီဆိုရင်တော့ နည်းနည်းပျော့ရင် မေးခိုင်ကိုယ်ခံအား (Tentanus Immunoglobulin, TIG) ကို အကြောဆေး၊ အသားဆေးအနေနဲ့ ထိုးပေးနိုင်ပါတယ်… အဲ့ဒါနဲ့အတူ Metronidazole ကိုလည်း အကြောသွင်းဆေးရည်အနေနဲ့ ဆယ်ရက်လောက်အထိ လွှတ်ပေးသင့်ပါတယ်… ကြွက်သားတွေ တောင့်တင်းတာကို လျော့ကျစေဖို့ Diazepam ကိုလည်း အကြောဆေး၊ သောက်ဆေးအနေနဲ့ ပေးနိုင်ပါတယ်…

မေးခိုင်ရောဂါအရမ်းဆိုးရင်တော့ ဆေးရုံတင်ပြီး အရေးပေါ် ကြပ်မတ်ကုသဆောင်မှာထားပြီး ကုသင့်ပါတယ်… အထူးသဖြင့် လူနာကို လှုံ့ဆော်မှုဖြစ်စေမယ့် အလင်း၊ အသံ၊ အနံ့ တွေနဲ့ဝေးတဲ့ တိတ်ဆိတ်တဲ့ အမှောင်ခန်းထဲမှာ ထားပြီး ကုသသင့်ပါတယ်… ကုသတဲ့နေရာမှာလည်း အသက်ရှူလမ်းကြောင်းမပိတ်အောင် လည်ပင်းကို ဖောက်ထား (tracheostomy) သင့်ပါတယ်… လေပြွန်ထဲထည့်ရတဲ့ Endotracheal tube က လူနာကို လှုံ့ဆော်မှုပိုရစေတာကြောင့် လည်ပင်းပေါက် ဖောက်ရခြင်းဖြစ်ပါတယ်… နောက်ပြီး ပြင်ပ အသက်ရှူကိရိယာ အကူနဲ့ တစ်လလောက်အထိ အသက်ကူ ရှူပေးသင့်ပါတယ်… အာဟာရကိုလည်း မပြတ်အောင် စီမံတိုက်ကျွေးရပါမယ်… လိုအပ်တဲ့ဆေးဝါးတွေနဲ့ ကုသမှု ပေးရမှာဖြစ်ပါတယ်… မေးခိုင်လူနာတွေရဲ့ ၁၀ ရာခိုင်နှုန်းဟာ ကုသမှုခံယူနေရင်းကကို သေဆုံးတတ်ကြပါတယ်… သက်သာတယ်ဆိုရင်တောင်မှ လုံးဝပြန်ကောင်းဖို့အတွက်ကတော့ လပေါင်းများစွာကြာနိုင်ပါတယ်…

တခြား ကူးစက်တတ်တဲ့ရောဂါတွေနဲ့ မတူတဲ့တစ်ချက်က မေးခိုင်ရောဂါဟာ တစ်ခါကူးစက်ဖြစ်ပွားပြီးရင်လည်း ကိုယ်ခံအားမရဘဲ ထပ်ပြီး ကူးစက်ခံရရင် ထပ်ပြီး ဖြစ်ပွားတတ်တာပါပဲ… ဒါကြောင့် ထိခိုက်ရှနာဖြစ်ရင် မေးခိုင်ရောဂါကာကွယ်ဆေး ( Tetanus Toxoid) ကိုပဲ ထိုးထားတာ စိတ်အချရဆုံးဖြစ်ပါတယ်… လူကြီးတစ်ယောက်ဟာ  ထိခိုက်ရှနာဖြစ်တဲ့အချိန်မှာ မေးခိုင်ကာကွယ်ဆေး ထိုးမယ်ဆိုရင် ချက်ချင်းကြီးတော့ ကိုယ်ခံအားက ထွက်လာတာမဟုတ်ပါဘူး… အနည်းဆုံး ၂ ပတ်ကြာမှ ကိုယ်ခံအားရတာဖြစ်ပါတယ်… အသက် ၆ လအောက် ကလေးတွေမှာတော့ အသက် ၂ လ၊ ၄ လ နဲ့ ၆ လတွေမှာ ဆုံဆို့၊ကြက်ညှာ၊ မေးခိုင်ရောဂါကာကွယ်ဆေး (DPT, Diphtheria, Pertussis, Tetanus Vaccine) အနေနဲ့ ပြည်သူ့ကျန်းမာရေးဌာနတွေရဲ့ အစီအစဉ်နဲ့ လစဉ်ပုံမှန်ထိုးပေးနေတဲ့အတွက် သိပ်စိုးရိမ်စရာမရှိပါဘူး… ဒါကြောင့် ကိုယ့်ကလေးကို တကယ်ချစ်တယ်ဆိုရင် ကာကွယ်ဆေးတွေကို သူ့အချိန်နဲ့သူ မပျက်မကွက် သွားရောက်ထိုးနှံပေးသင့်ပါတယ်…

နိဂုံးချုပ်အနေနဲ့ပြောရရင် ဒီမေးခိုင်ရောဂါဟာ အခုထက်ထိ လူ့အသက်တွေကို ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်… ဒီလောက် ကြောက်စရာကောင်းတဲ့ မေးခိုင်ရောဂါကို ကာကွယ်ဆေး မမေ့မလျော့ထိုးပြီး ကာကွယ်ရမယ့်အပြင် ကိုယ့်ရဲ့ သွေးသား၊ ကလေးတွေအတွက်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ မေးခိုင်ကာကွယ်ဆေးပုံမှန်ထိုးတာမျိုး၊ လစဉ်ကာကွယ်ဆေးထိုးတဲ့အချိန်တွေမှာ ပုံမှန်ကာကွယ်ဆေးထိုးတာမျိုး၊ ထိခိုက်ရှနာမဖြစ်အောင်သတိထားတာမျိုး၊ မတော်တဆဖြစ်ခဲ့ရင်လည်း မေးခိုင်ကာကွယ်ဆေးကို မပျက်မကွက် ထိုးနှံပြီး ကာကွယ်ကြဖို့လိုကြောင်း အသိပေးပြောကြားရင်း ကျနော့်ရဲ့ ဒီ “ မေးခိုင်ရောဂါ ကြောက်စရာ” ဆိုတဲ့ ဆောင်းပါးလေးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါရစေဗျာ…

Author – ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)

Leave a Reply