အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်တာ ဘာတွေ စားရပါ့

အစာမကြေ ရင်ပြည့်ရင်ကယ်ကို ဇီဝကတို့တတွေ တစ်ကြိမ်မဟုတ်တစ်ကြိမ် ခံစားကြဖူးမှာပါ ။တစ်ခါတစ်ရံမှာတော့ အစာမကြေခြင်းကနေ အစာအိမ်ထဲ အက်ဆစ်ဓာတ်တွေ အထွက်များပြီး အစာအိမ်နဲ့ အူသိမ်ဦးပိုင်းနေရာတွေမှာအနာဖြစ်ကာ အစာအိမ်ရောဂါတွေ ဖြစ်စေတတ်ပါတယ် ။


ပုံမှန်အားဖြင့် အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်ဟာ အစာချေဖို့ရာထွက်လာပါတယ် ။အစာအိမ်နံရံက အက်ဆစ်ဓာတ်မစားအောင် ထူထဲတဲ့ အချွဲဓာတ်တွေ ထုတ်ကာ ကာကွယ်လေ့ရှိပါတယ် ။ဒါပေမယ့် အက်ဆစ်ဓာတ် လိုအပ်တာထက်များလာတဲ့ အခါ အစာအိမ်နံရံကို စားကာ အနာတွေ ဖြစ်လာစေပါတယ်။

အစားစားချိန်မမှန်ခြင်း ၊အပူအစပ်တွေနဲ့ အရက် ၊ကဖင်းဓာတ်တွေ ၊အကိုက်အခဲပျောက်ဆေးတွေဟာ အက်ဆစ်ဓာတ်ကို အထွက်များစေပါတယ် ။

ဒါ့အပြင် အိပ်ခ်ျ ပိုင်လိုရီ H.pylori လို့ခေါ်တဲ့ ပိုးကြောင့်လည်း အစာအိမ်ရောဂါဖြစ်စေပါတယ် ။အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းအတွက် ဘာတွေ စားသောက်သင့်သလဲ။

-ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့် ၊ဆန်လုံးညို ၊အာလူး ၊ပဲနီလေး စတဲ့ ပဲအမျိုးမျိုးကို စားသုံးပါ ။

-လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသောက်ပါ ။

-ချင်းပြုတ်ရည်ကို သောက်ပေးနိုင်တယ် ။

-အဆီမပါတဲ့ နွားနို့ ၊ပဲနို့တွေကို သောက်ပါ ။

-အစား စားချိန်မှန်ပါစေ ။

-တစ်ခါတည်းနဲ့ ဗိုက်တင်းကယ်အောင် မစားပါနဲ့ ။နည်းနည်းချင်း ခွဲစားပါ ။

-အစာ စားရင် အလျင်မလိုပါနဲ့ ။ဖြည်းဖြည်းချင်း သက်သောင့် သက်သာစားပါ ။

ဘာတွေကို ရှောင်ကြဉ်ရမလဲ ။

-ကဖင်းဓာတ်ပါတဲ့ လက်ဖက်ရည် ၊ကော်ဖီ ၊လက်ဖက် ၊ချော်ကလက် စတာတွေရှောင်ပါ ။


-အရက် ၊ဆေးလိပ် ရှောင်ပါ ။

-ကြက်သွန်နီ ၊ဆာဒင်းငါး ၊ဒိန်ခဲ ၊ရနံ့မွှေးကြိုင်လွန်းတဲ့ အစားအသောက်တွေ ရှောင်ပါ။

Author: ခေတ်သစ်ဇီဝက