ရောဂါကူးစက်ပုံအမျိုးမျိုး

ရောဂါလို့ ပြောတဲ့အခါ ကူးစက်နိုင်တဲ့ ရောဂါနဲ့ မကူးစက်နိုင်တဲ့ ရောဂါရယ် ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကူးစက်နိုင်တဲ့ ရောဂါတွေက ရောဂါပိုးမျိုးစုံကြောင့် ဖြစ်တာပါ။

ရောဂါပိုးလို့ ပြောတဲ့အခါ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ parasites လို့ခေါ်တဲ့ ကပ်ပါးပိုးတွေ၊ မှိုပိုးတွေ စသဖြင့် စသဖြင့်ပါ။ ဒီပိုးတွေက တိရစ္ဆာန် အချင်းချင်းသော်လည်းကောင်း တိရစ္ဆာန်ကနေ လူကို သော်လည်းကောင်း လူအချင်းချင်းသော်လည်းကောင်း တဆင့်ပြီးတဆင့် ကူးစက်နိုင်ကြပါတယ်။

ရောဂါပိုးတွေ ဘယ်လိုကူးစက်နိုင်လဲ ဆိုတာသိထားခြင်းအားဖြင့်တော့ ရောဂါပိုးမကူးစက်ရအောင် ကြိုတင်ကာကွယ်ဖို့ လိုအပ်တာတွေ လုပ်ဆောင်လို့ရပါတယ်။ ရောဂါကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့ အသက်ရှူလမ်းကြောင်းကတဆင့်၊ အစာလမ်းကြောင်းကတဆင့်၊ တိုက်ရိုက်ထိတွေ့ခြင်းကတဆင့်၊ အကောင်တစ်ကောင်ကောင်ကိုက်ခြင်းကတဆင့်၊ သွေးကတဆင့်၊ လိင်ဆက်ဆံခြင်းကတဆင့်၊ ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားကိုကူးတာ စသဖြင့်ပါ။

အသက်ရှူလမ်းကြောင်းက တဆင့်ကူးတယ်လို့ပြောတဲ့အခါမှာ လေထဲကရောဂါပိုးက နှာချေချောင်းဆိုးရင်း ကူးတာအပြင် ရောဂါပိုးရှိသူရဲ့ နှာချေချောင်းဆိုးထားတဲ့ လက်ကိုင်ပဝါကိုင်မိပြီး တံတွေးခွက်ကိုင်မိပြီး လက်မဆေးဘဲ ကိုယ့်နှာခေါင်းကိုယ်ပြန်ကိုင်မိတာတွေကလည်း ကူးပါတယ်။ အဓိကကတော့ တုပ်ကွေးရောဂါတွေ၊ တီဘီရောဂါ၊ အသက်ရှူလမ်းကြောင်းကကူးနိုင်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ရောဂါတွေပါ။ ဥပမာ ဝက်သက်တို့ ဂျိုက်သိုးတို့လည်းပါပါတယ်။

အစာလမ်းကြောင်းကတဆင့် ကူးတယ်လို့ပြောတဲ့အခါမှာ မသန့်ရှင်းတဲ့ အစားအသောက် စားမိတာတွေ အစာပြင်ဆင်ပေးတဲ့သူက လက်မဆေးပဲ အစာပြင်ပေးတာတွေ သောက်ရေမသန့်တာတွေ ယင်နားစာတွေ မှာ ဖြစ်တာပါ။ ဝမ်းလျှောဝမ်းကိုက်ရောဂါတွေ၊ အစာအဆိပ်သင့်တာတွေ၊ အသည်းရောင်အသားဝါအေ စတဲ့ ရောဂါတွေ၊ အူတီဘီ နဲ့ သန်ကောင်နဲ့ဆိုင်တဲ့ရောဂါတွေလည်း ပါပါတယ်။

တိုက်ရိုက်ထိတွေ့ခြင်းကတဆင့် ကူးတယ်ဆိုတာကတော့ အဓိကကတော့ အရေပြားရောဂါတွေပါ ပွေး ဝဲ ညှင်း စတဲ့ ယားနာတွေ က ရောဂါရှိတဲ့သူနဲ့ ရောဂါဖြစ်တဲ့နေရာနဲ့ ထိတွေ့ထားတယ်ဆို ဖြစ်နိုင်ပါတယ်။ ရေယုံလည်း ပါပါတယ်။ သန်ကောင်မှာမှ အရေပြားကို ချိတ်ပြီး ကိုယ်ခန္ဓာထဲ ဝင်နိုင်တဲ့ သန်ကောင်ရောဂါလည်း ပါပါတယ်။ ရောဂါပိုးရှိထားတဲ့ ကြွက်သေးတွေနဲ့ ထိတွေ့ရုံနဲ့ ဖြစ်စေတတ်တဲ့ leptospirosis ရောဂါလည်းပါပါတယ်။

အကောင်တစ်ကောင်ကောင် ကိုက်တာကြောင့် ရောဂါကူးတာကတော့ အထိအတွေ့နဲ့ ဆင်တူသလိုလိုနဲ့ မတူပါဘူး။ အရေပြားမှာ ထိခိုက်ဒဏ်ရာဖြစ်ပြီးမှ ရောဂါပိုးရှိတဲ့ တံတွေးက အသားထဲကတဆင့်စိမ့်ဝင်သွားတာမျိုးပါ။ ဥပမာ ခွေးရူးရောဂါ နဲ့ ခြင်ကတဆင့်ဖြစ်တတ်တဲ့ ငှက်ဖျားတို့ သွေးလွန်တုပ်ကွေး စတာတွေပါ။ တချို့ ဒေသတွေမှာ အင်းဆက်ကိုက်တာတွေကနေ တဆင့်လည်း ရောဂါကြီးကြီးမားမားတွေ ဖြစ်စေတတ်ပါတယ်။

သွေးကတဆင့် ကူးစက်တတ်တဲ့ ရောဂါ တွေထဲမှာတော့ အသည်းရောင်အသားဝါ ဘီ စီ နဲ့ hiv အဓိကပါ။ သွေးကတဆင့် ကူးစက်တယ်လို့ ဆိုရာမှာ ရောဂါပိုးရှိတဲ့သူရဲ့ သွေးသွင်းမိတာတွေ၊ ရောဂါပိုးရှိသူသုံးထားတဲ့ တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းတွေ မျှသုံးတာကတဆင့် ထိခိုက်ဒဏ်ရာရတာတွေ၊ မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေ မျှသုံးတာတွေ၊ တက်တူးထိုးတာနဲ့ နားဖောက်တာစတာတွေမှာ အပ်တွေ အသစ်မသုံးဘဲ မျှသုံးနေတာတွေ ကနေ ကူးစက်နိုင်ပါတယ်။

လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်တယ်ဆိုတဲ့ ရောဂါတွေမှာတော့ အသည်းရောင်အသားဝါ ဘီ၊ စီ နဲ့ hiv အပြင်ကို ကာလသားရောဂါတွေ၊ ဂနို ရောဂါတွေ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွေ၊ သားအိမ်လမ်းကြောင်းပိုးဝင်ခြင်းတွေ၊ ကြွက်နို့ပေါက်ခြင်းတွေ နဲ့ သားအိမ်ခေါင်းကင်ဆာအထိပါ ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသားကို ကူးစက်နိုင်တာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ရိုးရိုးဖျားနာတာမဟုတိဘဲ တချို့သော ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ခဲ့ရင် သန္ဓေသားကို ရောဂါရဲ့ နောက်ဆက်တွဲ လက္ခဏာတွေ ဖြစ်စေတတ်ပါတယ်။ ဥပမာအားဖြင့် ရေကျောက်၊ ဂျိုက်သိုး စသဖြင့်ပါ။

အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး နဲ့ hiv လည်း ကူးနိုင်ခြေရှိပေမယ့် ကြိုတင်ကုသမှုတွေ ခံယူထားခဲ့ရင် ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသားကို ဒီရောဂါ ကူးစက်မှုနှုန်းကို လျှော့ချပေးနိုင်ပါတယ်။ ကာလသားရောဂါ နဲ့ ဂနို ရောဂါ တွေကလည်း ကလေးကို ကူးစေပြီး နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဖြစ်စေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဒီလိုရောဂါတွေ ဖြစ်လာတာနဲ့ ချက်ချင်းသေချာကုသဖို့ လိုအပ်ပါတယ်။

ရောဂါပိုးတစ်မျိုးက နည်းလမ်းတစ်ခုတည်းနဲ့ပဲ ကူးမယ်လို့တော့ တထစ်ချမှတ်ထားလို့ မရပါဘူး။တစ်ခါတစ်လေမှာ ရောဂါတစ်ခုထဲပေမယ့် နည်းလမ်းစုံနဲ့ ကူးနိုင်ပါတယ်။ ရောဂါပိုးကူးစက်တာတွေကို လျှော့ချဖို့ကတော့ အဖက်ဖက်က ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ဖို့ လိုပါတယ်။

Author : Dr. CST