၉၆ ပါးရောဂါ ပျောက်ဆေးကြီး

ကျွန်တော်တို့ ငယ်ငယ်က အခုခေတ်ကာလလို မြန်မာတိုင်းရင်းဆေးတွေက ဒီခေတ်လောက် ခေတ်မီမီ ထုတ်ပိုးတာမျိုး မရှိသေးသလို ကြော်ငြာရာမှာလည်း ရောဂါတစ်ခုခြင်းထက် ၉၆ ပါးရောဂါ ပျောက်ကင်းကြောင်း ကြော်ငြာခဲ့ကြတာကို တွေ့ခဲ့ရတာကို မှတ်မိနေပါသေးတယ်။ ဒီဘက်ခေတ်မှာတော့ တိုင်းရင်းဆေးတွေကလည်း ခေတ်မီမီ ထုတ်ပိုးလာကြသလို၊ ၉၆ ပါးရောဂါဆိုတာထက် ရောဂါတစ်ခုခြင်းကို ဦးစားပေးကြော်ငြာ ရောင်းချလာကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် မကြော်ငြာဘဲနဲ့  ၉၆ ပါးသော ရောဂါတွေပျောက်တဲ့ ဆေးကို ကျွန်တော်ကကြော်ငြာပေးပါရစေ။ ကိုယ်တွေ့ပါဗျ။

ကျွန်တော်လှန်ထောင်းမိသော “ပေါင်”များ ဆိုပြီး ဆောင်းပါတစ်ပုဒ် Health Digest Journal မှာ ရေးခဲ့ဖူးသလို၊ အဲဒီဆောင်းပါ အပါအဝင် ကျန်းမာရေးပညာပေးဆောင်းပါလေးတွေ ကို စုပြီး ကျွန်တော်ထောင်း မိသောပေါင်များနှင့် ခပ်စပ်စပ်ကျန်းမာရေး ဆောင်းပါးများဆိုပြီး စာအုပ်တစ်အုပ်လည်း ထုတ်ခဲ့ဖူးပါတယ်။ အဲဒီဆောင်းပါးမှာ ကျွန်တော်ကိုယ်တိုင် ဝေဒနာတစ်ခုခံစားရနေချိန်မှာ သွားပြတဲ့ပါရဂူကြီးက ကုမ ရလောက်တဲ့ရောဂါ ပုံစံမျိုး စိတ်ဓါတ်ကျချင်စဖွယ် အပြောခံရပေမယ့်၊ သူငယ်ချင်းဆရာဝန်နဲ့ တိုင်ပင်ကုသ လိုက်ရာမှာ လေးပုံ တစ်ပုံလောက်ဘဲ ကျန်တော့တဲ့အထိ ရောဂါသက်သာသွားကြောင်း၊ ပထမပြခဲ့တဲ့ ဆရာဝန်ကြီး အနေနဲ့ ရောဂါရာဇဝင်ကို အသေအချာမမေးဘဲ၊ အချိန်မပေးဘဲ ကုသမှုပေးခဲ့လို့ ဒီလိုဖြစ်ရကြောင်း ဆိုပြီး ဆရာဝန်လောကရဲ့ အားနည်းချက်ကို ထောက်ပြခဲ့တာပါ။

အခုဒီဆောင်းပါးမှာတော့ ကျွန်တော့်ရဲ့ ကျန်နေသေးတဲ့ ရောဂါ လေးပုံတစ်ပုံလေးပါ ပျောက်ကင်း သက်သာသွားတဲ့ အကြောင်းကို တင်ပြချင်တာပါ။ အိုနာမိုလို့ သေရာပါဖြစ်မယ်၊ ပျောက်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ ပါရဂူကြီးကိုလည်း သိစေချင်လို့ပါ။ ကျွန်တော်တို့ ဆရာဝန်တွေ မသိ၊ မမှီသေးတာတွေ ရှိနေသေးတယ်ဆိုတာကို လက်ခံတတ်ကြဖို့ပါ။ အရင်ဆောင်းပါမှာတုန်းကတော့ ဝေဒနာတစ်ခု ခံစားခဲ့ရတယ်လို့သာ ခပ်ပါးပါးလေးရေးခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ ပျောက်ကင်းပြီဆိုတာကို ပိုလေးနက်စေချင်လိုရယ်၊ အလားတူခံစားနေရသူတွေ ရှိရင်လည်း ဒီဆေးနည်းကို စမ်းသပ်စေချင်လို့ရယ် ဝေဒနာ အမည်ကို ကြေငြာပါရစေ။ နားထဲကလေတွေထွက်ပြီး အကြားအာရုံချို့တဲ့တဲ့ရောဂါပါ။

ဖြစ်လာတာနှစ်နဲ့ချီကြာလာတော့ တစ်ခါတစ်ခါ ကိုယ့်ရောဂါ ကိုယ်မေ့တောင်မေ့နေတတ်ပါတယ်။ သိပ်အဆိုးကြီး အော်ဟစ်နေလောက်အောင် ခံစားမနေရတာလည်းပါတာပေါ့။ ဒီနှစ် မတ်ခ်ျလထဲမှာတော့ ရန်ကုန်၊ အင်းယားမြိုင်လမ်းထဲက ဆရာကြီးဦးဘခင်ရဲ့  တရားစခန်းမှာ (၁၀) ရက် တရားဝင်ဖြစ်ခဲ့ပါတယ်။ အဲဒီတရားစခန်းက နဲနဲတော့ ပြင်းထန်တယ်လို့ ဆိုရပါမယ်။ မနက် ၄ နာရီကနေ ည ၉ နာရီခွဲ အတွင်းမှာ တရားထိုင်ချိန် ၇ နာရီလောက်ရှိပြီး တရားနာချိန် ၂ နာရီလောက်ရှိတတ်ပါတယ်။  မွန်းလွဲညစာ မစားရတာ၊ သက်သတ်လွတ်စားရတာနဲ့ ဝစီပိတ်ကျင့်ရတာကလည်း တစ်ချို့ ယောဂီတွေအတွက် နဲနဲခက်ခဲတတ်ပါတယ်။ အစပိုင်း သုံးရက်မှာ သမာဓိထူထောင်ပုံ၊ ထူထောင်နည်းကို တရားပြဆရာက တစ်ရက်ချင်း၊ တစ်ဆင့်ချင်း သင်ပြပေးပါတယ်။ လေးရက်နောက်ပိုင်းတော့ ဝိပဿနာပိုင်းကူးရပါတယ်။ နွေရာသီ နေပူပူမှာ လေအေးစက် တတ်ထားတဲ့ ဓမ္မာရုံထဲမှာ ထိုင်နေ၊ တရားမှတ်နေရပေမယ့် လက်ဖျားကထွက်တဲ့ချွေးက ပုဆိုးကို စိုကွက်စေတဲ့အထိ ဝေဒနာကိုရှု့မှတ်ဖြစ်ခဲ့ပါတယ်။

ဝစီပိတ်ကျင့်ရတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း မဆက်သွယ်ရတော့ဘူးပေါ့။ နောက်ဆုံးတရား စကား၊ တရားအကြောင်းကိုတောင် ဆွေးနွေးခွင့်မပြုပါဘူး။ မရှင်းတာရှိရင် တရားပြ ဆရာကိုဘဲ မေးရပါတယ်။ အိမ်မှာနေတုန်းက တစ်နေ့ တစ်နာရီတောင် မှန်မှန်မထိုင်နိုင်ခဲ့ရာက ၇ နာရီလောက်ထိုင်ရတော့ ကိုက်တာ၊ ခဲတာတွေနဲ့ နပန်းလုံး ရင်ဆိုင်ရပါတော့တယ်။ ဒါပေမယ့် တရားပြဆရာရဲ့ လမ်းညွှန်ချက်တွေ၊ ညစဉ်နာရတဲ့ တရားတွေထဲက ဆရာကြီးဦးဘခင်နဲ့ ဆရာကြီးများရဲ့ နည်းပေး လမ်းညွှန်မှုတွေကြောင့် တဖြည်းဖြည်း အဆင်ပြေလာခဲ့ပါတယ်။

နားထဲကလေထွက်တဲ့ ကိစ္စကတော့ အမှတ်တမဲ့နဲ့ ရှိမှန်းလည်းမသိ၊ မရှိမှန်းလည်း မသိခဲ့ပါဘူး။ ဒါပေမယ့် တစ်ရက် နေရတာတစ်မျိုးဖြစ်နေတယ် ဆိုတာသတိထားမိလို ပြန်ဆန်းစစ်ကြည့်တော့မှ ကိုယ့်ဝေဒနာ ကိုယ်ရှာမရတော့တာကို သတိထားမိလိုက်ပါတယ်။ ဒီလိုမနေရတာ၊ လေထွက်နေတာကို ကြားကြားနေရတာ နှစ်နဲ့ချီကြာနေပါပြီ။ ခုတော့ပျောက်ချင်းမလှ ပျောက်သွားတာပါ။ ပင်ပင်ပန်းပန်း တစ်နေ့ ၇ နာရီလောက် တရားထိုင်၊ အာဟာရလည်း မယ်မယ်ရရ မစားရ၊ အိပ်ချိန်ကလည်း တစ်ညကို အိပ်ချိန် ၆ နာရီခွဲ ပေးထားပေမယ့် ၄-၅ နာရီလောက်ဘဲ အိပ်ဖြစ်တာ၊ တစ်ချို့ညတွေမှာဆို ညလုံးပေါက် မအိပ်ဖြစ်တာတွေဟာ တကယ်တန်းဆိုရင် အားပိုနည်းစေလို့ နားထဲကလေတွေ ပိုထွက်စေရမှာပါ။ အခုတော့ ရောဂါမပိုတဲ့အပြင် ပျောက်တောင် ပျောက်သွားပါသေးတယ်။ တရားရေအေး သောက်လိုက်ရလို့ သက်သာသွားတယ် ဆိုတာသေချာသလောက်ပါဘဲ။

ဒါမျိုးဖြစ်တာ ကိုယ်တင်ဘဲလားဆိုတော့ မဟုတ်ပါဘူး။ ညစဉ်တရားနာရင်းနဲ့ သိလာရတာက ဒီလို ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ သက်သာ ပျောက်ကင်းသွားတာတွေ ရှိခဲ့ကြောင်း သိလာရတာပါဘဲ။ အထင်ရှားဆုံး ဥပမာကတော့ ကမ္ဘာအနှံ့ တရားစခန်းတွေ ဖွင့်ပြီး သာသနာပြုခဲ့တဲ့ ဆရာကြီး ဦးဂိုအင်ကာပါဘဲ။ ဆရာကြီး ဦးဂိုအင်ကာဟာ တရားစခန်းမဝင်ခင်က ဦးခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာကို နှစ်နဲ့ချီ အသည်းအသန် ခံစားခဲ့ရပြီး ကမ္ဘာအနှံ့ ပါရဂူတွေပေါင်းစုံနဲ့ ကုခဲ့ပေမယ့် မသက်သာခဲ့ဘဲ ဆရာကြီးဦးဘခင်နဲ့တွေပြီး တရားစခန်းဝင်တော့မှ သက်သာပျောက်ကင်း သွားခဲ့တာပါဘဲ။

ဒီလိုဆိုရင် ကျွန်တော်တို့ ဆေးရုံ၊ ဆေးခန်းတွေ အကုန်ပိတ်ပြီး တရားစခန်းတွေဘဲ ဖွင့်ကြရတော့မှာလား။ ဒီလိုလည်းမဟုတ်သေးပါဘူး။ သိရသလောက် တရားရှု့မှတ်ရင်း သက်သာပျောက်ကင်းတယ်ဆိုတဲ့ ဝေဒနာတွေ ဟာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ ပတ်ပတ်သက်သက် ရှိတတ်တဲ့ ဝေဒနာတွေ ဖြစ်နေတတ်တာကိုတွေ့ရပါတယ်။ တရားအလုပ်တွေ လုပ်ဖြစ်ခဲ့ရင် ကိုယ်ခန္ဓာမှာ Serotonin ဆိုတဲ့ ဓါတ်တစ်မျိုး ထွက်လာပါတယ်။ အဲဒီဓါတ်က စိတ်ကိုတည်ငြိမ်စေတယ်၊ တရားထိုင်ရင် ဦးနှောက်ထဲမမျှမတ ဖြစ်နေတဲ့ ဓါတ်သဘာဝတွေကို ပြန်လည် မျှတစေတယ်လို့ ဆိုပါတယ်။ ဒီတော့ စိတ်ဖိစီးမှုတွေများပြီး စိတ်လှုပ်ရှားလို့ ရတဲ့ရောဂါတွေ၊ ဦးနှောက်ထဲမမျှမတ ဖြစ်နေတဲ့ ဓါတ်သဘာဝတွေကြောင့်ဖြစ်တဲ့ရောဂါတွေ ပျောက်ကင်းသက်သာစေတယ် ဆိုတာ ဖြစ်နိုင်ပါတယ်။  ဒီလိုဖြစ်လာရင် ဆေးရုံ၊ဆေးခန်းတွေမှာ ဆေးပေးကုသရင်လည်းပျောက်ကင်း နိုင်တာတွေလည်း ရှိပေမယ်၊့ ဆေးမပါဘဲ တရားရှု့ မှတ်ရုံနဲ့ ပျောက်ကင်းတာဆိုတော့ အဖိုးနည်းပြီး ထိရောက်တဲ့၊ဘေးထွက်ဆိုးကျိုးလည်း မရှိတဲ့နည်းလမ်းမို့ အားကိုးစေလိုပါတယ်။ ဦးနှောက်ထဲမမျှမတ ဖြစ်နေတဲ့ ဓါတ်သဘာဝတွေကြောင့်ဖြစ်လာတာ မဟုတ်တဲ့ ရောဂါတွေ အတွက်ဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းတွေဟာ လိုအပ်နေဦးမှာပါ။

ဒီတော့ ခြုံပြီးပြောရရင် တစ်ချို့သော ရောဂါတွေအတွက် အထူးသဖြင့် စိတ်ဖိစီးမှုတွေများပြီး စိတ်လှုပ်ရှားလို့ ရတဲ့ရောဂါတွေ၊ ဦးနှောက်ထဲမမျှမတ ဖြစ်နေတဲ့ ဓါတ်သဘာဝတွေကြောင့်ဖြစ်တဲ့ရောဂါတွေ အတွက်ဆိုရင် တရားရှု့ မှတ်ခြင်းဟာ ထိရောက်တဲ့ ကုသနည်း တစ်နည်း ဖြစ်နိုင်ပါတယ်။ အသုံးချတတ်ရင် လောကီရေးမှာရော၊ လောကုတ္တရာရေးမှာပါ အသုံးဝင်တာမို့ စမ်းသပ်သုံးစွဲ ကြည့်စေလိုပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

 

မေတ္တာဖြင့်

ဒေါက်တာဌေးအောင်၊ ၂၉.၅. ၂၀၁၇၊