အုန်းဆီတစ်ဇွန်းက ဒီလောက်တောင်စွမ်းသတဲ့

အုန်းသီးကို AD ၅ ရာစုနှစ် အစောပိုင်းလောက်မှာ အီဂျစ်ခရီးသွားတစ်ယောက်က အိန္ဒိယမှာတွေ့ရှိခဲ့ကြောင်း စာပေအထောက်အထားတွေမှာအဆိုရှိပါတယ်။ ဒါကတော့ကမ္ဘာလှည့်တဦးအနေနဲ့စတွေ့တာကို မှတ်တမ်းတင်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အိန္ဒိယအခွံမာသီးအဖြစ်အစပျိုးသိရှိခဲ့တဲ့အုန်းသီးကို ၉ ရာစုမှာ အိန္ဒိယနဲ့တရုတ်နိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ်စားသုံးခဲ့ပြီး နောက်ပိုင်းမှာတော့ ဥရောပနဲ့ကမ္ဘာတစ်ခွင်ပျံ့နှံခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအမျိုးမျိုး၊ ယဉ်ကျေးမှုအဖုံဖုံမှာ အုန်းသီးကို အုန်းဆီအဖြစ်၊ ဒါမှမဟုတ်ခရင်မ်ပုံစံအဖြစ်၊ အုန်းသီးအစိမ်းကို ဖျော်ရည်ပုံစံအဖြစ် တွင်တွင်ကျယ်ကျယ်ယုံကြည်စိတ်ချစွာနဲ့ နှစ်ပေါင်းထောင်ချီအောင်သုံးစွဲလာကြတဲ့ နောက်ကွယ်ကအကြောင်းလေးတွေကို လေ့လာကြည့်မယ်ဆိုလျှင်ဖြင့်…

အထူးသန့်စင်တဲ့အုန်းဆီကို စားသုံးခြင်းဖြင့် အသက်ရှည်ကျန်းမာနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင် အုန်းဆီမှာ Medium Chain Triglycerides (MCT)လို့ခေါ်တဲ့ ပြည့်ဝဆီတစ်မျိုးပါဝင်ပါတယ်။ဒီပြည့်ဝဆီဟာ ခန္ဓာကိုယ်ထဲကမကောင်းတဲ့ အဆီတွေကိုကျဆင်းစေနိုင်တဲ့အပြင် နှလုံးရောဂါဖြစ်ပွါးမှုကို လျော့နည်းစေပါတယ်။

ဒါ့အပြင်အုန်းဆီကို ချေဖျက်လိုက်တဲ့အခါထွက်လာတဲ့ Ketone ဓာတ်က တက်ရောဂါ၊ သူငယ်ပြန်ရောဂါ စတဲ့ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါတွေကိုလည်း သက်သာစေပါတယ်။ အထူးသန့်စင်တဲ့အုန်းဆီစားခြင်းဟာ ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေတယ်ဆို သင်အံ့သြသွားပါသလား။ အုန်းဆီမှာပါတဲ့ MCT (Medium Chain Triglycerides) ဟာ ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေတဲ့ အာနိသင် ရှိပါတယ်။ တစ်နေ့ကို MCT ၁၅ မှ ၃၀ ဂရမ် လောက်စားရင် အဆီပိုတွေကို ပုံမှန်ထက် ၅% လောက် ပိုမိုလောင်ကျွမ်းစေပါတယ်။ အထူးသဖြင့် ကျန်းမာရေးကိုအန္တရာယ်ဖြစ်စေပြီး ကြည့်ရဆိုးစေတဲ့ ဝမ်းဗိုက်ကအဆီပိုတွေပါ။ ဗိုက်မကြာခဏဆာတတ်တဲ့ကိုကို၊ မမတွေအတွက်လည်း အုန်းဆီကသင့်တော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အုန်းဆီကထွက်လာတဲ့ Ketone ဓာတ်ဟာ အစာစားချင်စိတ်ကိုနည်းပါးစေတဲ့အတွက်ဖြစ်ပါတယ်။ဒါ့အပြင် အုန်းဆီဟာအစွမ်းထက်တဲ့ပိုးသတ်ဆေးတစ်ခုလည်း ဖြစ်လို့နေပါတယ်။ အုန်းဆီမှာ ပါဝင်တဲ့ 12- CarbonLauric Acid ဟာ ခန္ဓာကိုယ်ကိုအဆိပ်အတောက်ဖြစ်စေတဲ့ ပိုးမွှားတွေကိုသေစေနိုင်စွမ်းရှိပါတယ်။ အုန်းသီးမှာကိုယ်ခံအားကိုကောင်းမွန်စေတဲ့အာနိသင်တွေလည်းရှိတဲ့အတွက် နှာစေး၊ ချောင်းဆိုးရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အရေပြားယားနာတွေဖြစ်တဲ့ ဆိုရီယားစစ်ရောဂါတွေကိုလည်း သက်သာစေရုံသာမကအသားအရေခြောက်သွေ့မှုတွေ၊ အကြောပြတ်ခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်ကိုလည်း အသင့်အတင့် ကာကွယ်ပေးနိုင်ပါသေးတယ်။ အရိုးနဲ့ သွားတွေအတွက်လိုအပ်တဲ့ မက်ဂနီဆီယမ်နဲ့ ကမ်ဆီယမ်ဓာတ်တွေကို ပိုမိုစုတ်ယူမှုအားကောင်းစေတဲ့အတွက် သွားနဲ့အရိုးကျန်းမာရေးကိုလည်းအထောက်အကူပြုနိုင်ပါတယ်။ အရိုးပွရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နို့နဲ့မတည့်တဲ့ ရောဂါရှိသူတွေဟာ နို့အစားအရိုးနဲ့သွား ရောဂါတွေမဖြစ်အောင် အထူးသန့်စင်အုန်းဆီကို အသုံးပြုလို့ရပါတယ်။

ဒါ့အပြင့် အုန်းဆီမှာ Lauric acidအမြောက်အများပါဝင်တာကြောင့် အုန်းဆီစားသုံးခြင်းဖြင့် ကိုယ်ဝန်ဆောင်သည်များနဲ့ ကလေးနို့တိုက်မိခင်များအတွက် အစွမ်းထက်တဲ့သဘာဝရောဂါခုခံအားကို ရစေပါတယ်။ အမေရိကန်နိုင်ငံ သုတေသနလေ့လာတွေ့ရှိချက်တစ်ခုမှာ အုန်းဆီပုံမှန်စားတဲ့ ကိုယ်ဝန်ဆောင်မိခင်နှင့်နို့တိုက် မိခင်များဟာ ၎င်းတို့ရဲ့နို့ရည်မှာ Lauric Acid နဲ့ Capric Acid ပမာဏပိုများလာပြီး ကလေးငယ်အတွက် အာဟာရဓါတ်ပြည့်ဝစွာပါဝင်တဲ့အပြင် မိခင်နို့အရည်အသွေးလည်း ပိုမိုကောင်းလာစေတယ်လို့ဆိုပါတယ်။

အုန်းဆီဟာပြည့်ဝဆီဖြစ်တဲ့အတွက် သွေးတွင်းအဆီတွေကိုများစေတယ်၊ အဆီပိတ်စေတယ်လို့ ယုံမှားသံသယတွေလည်း ရှိဖူးကြပါတယ်။ တကယ်တန်ူမတော့အုန်းဆီမှာပါတဲ့အဆီဓာတ်ဟာ အရွယ်အစားအလတ်ဆိုဒ်ရှိတဲ့ အဆီဓာတ်ဖြစ်တဲ့အတွက် တခြားကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေကရရှိတဲ့ အရွယ်အစားကြီးတဲ့အဆီဓာတ်လို ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ အုန်းဆီကအဆီဓာတ်ဟာ မကောင်းတဲ့အဆီတွေကိုတောင်လျော့ချနိုင်တဲ့အာနိသင်တွေ ရှိပါတယ်။ ဒါကြောင့် အဆီဓာတ်များရင်ဖြစ်တတ်တဲ့ သွေးတိုးရောဂါ၊ လေဖြတ်လေဖျန်းရောဂါတွေကိုလည်း ကာကွယ်နိုင်တဲ့အာနိသင်တွေ ရှိပါတယ်။ အုန်းသီး၊ အုန်းရည်နဲ့ အုန်းဆီတွေဟာ အလှအပအတွက် ပျိုမေတွေအားကိုးရတဲ့အံ့မခမ်း ဆေးတစ်လက်လည်းဖြစ်လို့နေပါသေးတယ်။ ယခင်နှစ်ကာလရှည်ကတည်းက ဆံကေသာအလှတရားအတွက် အုန်းဆီကိုအားကိုး အားထားပြုခဲ့ကြပါတယ်။ အုန်းဆီဟာ ဆံကေသာတွေကို လှပသန်စွမ်းစေရုံသာမက ဆံကေသာ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

အုန်းဆီတိုင်းမှာတော့ ဒီလိုအာနိသင်တွေ ပါဝင်တာမဟုတ်ပါဘူး။ အပူလုံးဝမပေးတဲ့နည်းစနစ်နဲ့ထုတ်လုပ်ထားတဲ့ အထူးသန့်စင်အုန်းဆီ(အဖြူ၊အကြည်၊ရှင်းသန့်) တွေမှာတော့ ဒီလိုအာနိသင်တွေကို ရရှိစေနိုင်ပါတယ်။ အပူလုံးဝမပေးဘူးဆိုတဲ့ပစ္စည်းတိုင်းတောင်ကွဲပြားချက်ရှိပါသေးတယ်။ Cold Pressed လို့ရေးထားတိုင်းမတူပါဘူး။ အကောင်းဆုံးကတော့ Modified Fermentation (Gravity Separation) ပါပဲ။ Free Fatty Acid အနည်းဆုံးနဲ့သဘာဝအဖြစ်ဆုံးမို့ပါ။

ပြီးတော့ ဘယ်အရာ၊ ဘယ်ပစ္စည်းမဆို တန်ဆေး၊လွန်ဘေးသဘောတရားတွေရှိတဲ့အတွက် အုန်းဆီကိုလည်း ပိန်ချင်ဇော၊ လှချင်ဇောတွေနဲ့ အလွန်အကြူးစားသုံးခြင်းမျိုးတော့ မပြုသင့်ပါဘူး။ အားလုံးကျန်းမာပျော်ရွှင်၊ လှပ၊ အသက်ရှည်ကြစေရန် ဆုမွန်ကောင်းတောင်းရင်း…

Author : ရွက်သစ်