ဝလာတယ်

” အိမ်ထောင်ကျပြီးမှ ပိုဝလာတယ်နော်။ အမျိုးသားက ပျော်အောင်ထားတယ်နဲ့တူတယ် ”
တစ်နေ့က လမ်းတွင် တွေ့သော အသိတစ်ယောက်ကား လှလှ အား နှုတ်ဆက်ရင်း စလိုက်သည်။ 
”ဟုတ်ကဲ့အမ ” ဟု အလိုက်သင့်ပြန်ပြောလိုက်သည်။ ကိုယ့်ကိုကိုယ် ဝလာမှန်းလည်းသိသည်။ အရင် က ပေါင် ၁၁၀ သာ ရှိသော လှလှ တစ်ယောက် အိမ်ထောင်ကျပြီး တစ်နှစ်အတွင်း ပေါင် ၂၀ ကျော်တက်လာခဲ့သည်။

တစ်ရိပ်ရိပ်တက်လာသော weight ကား ကုန်ဈေးနှုန်းနှင့် အပြိုင်ဖြစ်သည်။ အစားလျော့တော့လည်း weight မကျသဖြင့် စိတ်တွေလည်း ညစ်လှပြီ။
သူများတွေလိုမျိုး အစားတွေလည်း အများကြီးစားတတ်တဲ့သူမဟုတ်ပါ။ ဝနေမှန်းသိလို့ညနေဖက်ဆိုလျှင် ထမင်းမစားတာ သုံးလေး လရှိနေပြီ။ သို့ပေမဲ့လည်း ဝိတ်က မကျ။ အလုပ်များသဖြင့် လေ့ကျင့်ခန်းမလုပ်ဖြစ်ပေမဲ့ အိမ်အလုပ် ရုံးအလုပ်နှင့် တစ်နေကုန် မနားရသည်ကိုလည်း ကိုယ်ကိုတိုင်ပဲသိသည်။
” ဝလိုက်တာ သမီးရယ် weight လေး ဘာလေးချပါဦး။ တော်ကြာ အမျိုးသား ပစ် ပြေးသွားဦးမယ်”
ဒီလိုမျိုးစကားတွေ ကြားပြန်တော့လည်း ကြိုးစားပြီး ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပါသည်။ အိမ်ထောင်ဦးတွင် လင်မယားနှစ်ယောက် အလုပ်ကိုယ်စီလုပ်ပြီး စုစောင်းနေရသောအချိန်။

weight က မတိုးလာပေမဲ့ ကျမသွား။ 
”အမယ်လေးတော် ဖောင်းကားနေတာပဲ ” တစ်နေ့က မတွေ့တာကြာပြီဖြစ်သော အမတစ်ယောက် လှလှ အား တွေ့သောအခါ အားမနာတန်း ဝေဖန်သွားသည်။ 
”ဟုတ်ကဲ့အမ ” လို့သာ ပြန်ပြောလိုက်ရသည်။ စိတ်ထဲတွင် မကျေနပ်။ ဒါ သတ်သတ်မဲ့ စော်ကားတာလို့ပဲထင်သည်။ ညနေဖက် အိမ်ပြန်ရောက်တဲ့အထိ ပြောသွားသော စကားကို ကြားရောင်နေဆဲ။ လူကြားသူကြားထဲမှာ အပြောခံလိုက်ရသည့်အတွက် ရှက်တာလည်း ပါသည်။

စိတ်နာချင်သလိုလိုတောင်ဖြစ်လာသည်။ ပြောသွားတဲ့သူက အမှတ်မထင်ရှိနေပေမဲ့ အပြောခံရသူအတွက်တော့ ရင်ထဲတွင် တနင့်တပိုး။
weight ချရန်အတွက် အစာလျော့စားရမည်။ လေ့ကျင့်ခန်းလုပ်မည်ဟု သတ်မှတ်ထားလိုက်သည်။ မနက်စောစော ရုံးမသွားခင်တွင် youtube မှ download ဆွဲထားသော exercise များအား ကြိုးစားလုပ်ပါသည်။ သို့သော် weight ကား ကျမလာ။ စိတ်ဓာတ်လည်း ကျချင်သလိုလို ဖြစ်လာသည်။ တစ်နေ့ အမေ့အိမ်အပြန် အမေနှင့် အမတို့အား မိမိ အဖြစ်ကို ဖွင့်ပြောမိသည်။ 
” ညဉ်း သန္ဓေတားဆေးတွေ သောက်နေတယ်မဟုတ်လား။”
”ဟုတ်ကဲ့အမေ ကလေးယူဖို့ အဆင်မပြေသေးတာနဲ့တားဆေးတွေ သောက်နေတယ် “
”တားဆေးတွေ ကြောင့် ညဉ်းဝနေတာပေါ့။ ”
အမက ကြေးမှုန်အား ဝင်ပြောသည်။

” ဟုတ်လို့လား အမရယ်” အမကား ကြေးမှုန်ကို မျက်စောင်းထိုးလိုက်သည်။ သူသည်လည်း ကလေး သုံးယောက်မွေးထားသော မိခင်တစ်ယောက်။ အမနှင့် ကြေးမှုန်က ဆယ်နှစ်ကျော် ကွာသော ညီအမနှစ်ယောက် ဖြစ်သည်။ ကြေးမှုန်နှင့် အမကား ညီအမဆိုပေမဲ့ ကြေးမှုန်မွေးပြီးကတည်းက အမက ကြေးမှုန်ကို ထိန်းကြောင်းခဲ့ရတာကြောင့် ကြေးမှုန်ကို သမီးတစ်ယောက်လိုပဲမြင်သည်။
” ဟဲ့ ငါက ကလေးအမေပါ။ ငါလည်း ငယ်ငယ်က ညဉ်းအရင်ပုံစံအတိုင်း ပိန်ပိန်လေးပဲ။ အိမ်ထောင်ကျပြီး တားဆေးတွေ သောက်မှ ဝလာတာ။ တားဆေးဖြတ်လိုက်မှ ပြန်ပိန်သွားတာ” 
”တကယ်လား အမ တားဆေးဖြတ်လိုက်ရင် ပြန်ပိန်လား “
” ချက်ချင်းကြီးတော့ မပိန်ပေမဲ့ တားဆေးဖြတ်လိုက်ရင်တော့ ပိန်တယ်”
” တားဆေးဖြတ်လိုက်လို့ ကလေး ရသွားမှာလည်း စိုးရိမ်သေးတယ်အမရယ်။ ”

“အမယ်လေးတော် ။ ညဉ်းနှယ် ငါ့လို အဘွားကြီးတောင် သိတဲ့ဟာကို ညဉ်းက မသိဘူး။ ဟုတ်လား။ ကလေးမရစေချင်လို့ သန္ဓေတားတာ တစ်ခြားနည်းလမ်းတွေရှိတာပဲလေ။ လက်မောင်းထဲ ထည့်တဲ့ ပစ္စည်းတို့ သုံးလခံထိုးဆေးတို့ ဆိုတာမျိုးကလည်း ဟော်မုန်းတွေပါတဲ့အတွက် သောက်ဆေးတွေလိုမျိုး ဝတတ်တယ်။ လူတိုင်းဝတယ်လို့တော့ ပုံသေမပြောပေမဲ့။ ဝတတ်တယ်။ သားအိမ်ထဲ ထည့်တဲ့ပစ္စည်းဆိုရင် ဟော်မုန်းဆေးတွေ မပါတဲ့ အတွက် လူကို မဝစေဘူး။ “
” အမက ဒီအကြောင်းတွေ ဘယ်လိုလုပ်သိလဲ။ ငါသူငယ်ချင်းတွေ တစ်ချို့ထည့်ထားကြတာပဲလေ။ ငါက သားအိမ်ထုတ်ထားလို့သာပေါ့။

ဒါပေမဲ့ သားအိမ်ထဲ ထည့်တဲ့ပစ္စည်းဆိုရင်တော့ OG ဆီသွားပြီးထည့်ရမယ်”
” ဟုတ်လား ထည့်ရင်နာလားအမ”
” နာတော့ မနာလောက်ဘူး။ ဒါကြောင့် လူတော်တော်များများ ထည့်ထားကြတာပေါ့။ ဆရာဝန်ကိုယ်တိုင်ထည့်ပေးမှရတယ်။ ကိုယ်ကလေး ယူချင်တဲ့အချိန်ကျရင် ပြန်ထုတ်လို့ရတယ်။ တခြားတားဆေး တွေလိုမျိုး လေး ငါး ခြောက်လ ကြာမှ ကလေး ရတာမျိုးမရှိဘူး။ အရမ်းကောင်းတယ်”
”ဒါဆို သမီးထည့်မယ်အမ။ ဒါမှ ကိုယ်အလေးချိန်ကျသွားမယ်။ “
”ချက်ချင်းကြီးတော့လည်း ကျချင်မှ ကျမှာနော်။ အချိန်အတိုင်းအတာ တစ်ခုထိတော့ စောင့်ရတယ်။ “
”ဟုတ်ကဲ့ အမရယ်။ ညီမကို လိုက်ပို့ပေးပါနော် “
”ဒီတစ်ပတ် ရုံးပိတ်ရက် ဆေးခန်းသွားကြတာပေါ့ ”
ကြေးမှုန် တစ်ယောက် အတွေးများနှင့် ပျော်ရွှင်နေသည်။ အရင်လို ခန္ဓာကိုယ်မျိုးလေး ပြန်ရရင် ကျေနပ်ပါပြီဟု စိတ်ကူးရင်း ဒီညလည်း အိပ်မပျော်ပေ။

Author: Dr.အေးချမ်းမိုး