လေဖြတ်ခြင်းအကြောင်း တစေ့တစောင်း

တစ်နေ့ဆေးခန်းထဲ နေ့လည်စာထိုင်စားနေတုန်း ဘေးအိမ်က အသိကောင်လေးရောက်လာပြီး
‘ဆရာ ဘာလုပ်လဲဗျ ဝင်လာလို့ရလား အလုပ်ရှုပ်နေလား’
‘ သြော် မောင်ပြုံး လာလေကွာ ထမင်းစားနေတာ စားပါဦးကွ’
မောင်ပြုံး နာမည်နဲ့လိုက်အောင်တပြုံးပြုံးနဲ့ ဝင်လာရင်း
‘ မစားတော့ပါဘူးဆရာ ကျွန်တော်ခုပဲစားခဲ့တာ ဆရာ ဘာဟင်းလဲ ‘
‘ ဝက်သားဟင်းပါ’

‘ ဆရာ သတိထားနော် ဝက်သားစားတာ’
‘ ဘာလို့လဲဗျ’
‘ ကျွန်တော့အသိ ဦးလေးကြီးတစ်ယောက် ဝက်သားစားပြီးလေဖြတ်သွားတာ ဘယ်လိုမှပြန်မကောင်းတော့ဘူးဗျ ဝက်သားစားပြီးလေတွေဖြတ်မှာစိုးလို့’
‘ ဟေ့ကောင် မောင်ပြုံးရ ဝက်သားကလေမဖြတ်ပါဘူးကွ မင်း ဦးလေးက တခြားရောဂါအခံတစ်ခုခုရှိလို့ဖြစ်မှာပေါ့’

‘ အဲဒါတော့မသိဘူးဆရာ ဝက်သားစားပြီး နေ့လည် တစ်ရေးအိပ်တာ ပြန်နိုးတော့ မလှုပ်တော့ဘူး ဆေးခန်း ဆရာခေါ်တော့ သွေးပေါင်တွေတက်လိုက်တာမတအားပဲတဲ့ နောက်တော့ ဆေးရုံတွေလွှဲတာရော ဆေးရုံမှာတင် တော်တော်ကြာတယ်တဲ့’
‘ လေဖြတ်တဲ့အကြောင်းအရင်းရော သိပြီလား’

‘ အဲ့လိုတော့ကျွန်တော်မသိဘူးဆရာ သူတို့ကတော့အခုထိဆေးရုံဆေးခန်းရက်ချိန်းတွေပြလိုက် ဆေးတွေသောက်နေလိုက်နဲ့ တောက်လျှောက်ပဲဆရာ’
‘ အေးပေါ့ကွာ လေဖြတ်တော့လည်း နောက်ဆက်တွဲတွေ ဆက်လုပ်ရတာပေါ့’
‘ ဒါဆို အတော်ပဲဆရာ ဆရာအားရင် ကျွန်တော့်ကိုလေဖြတ်တာနဲ့ပက်သက်ပြီး နည်းနည်းပြောပြပါလား ဗဟုသုတပေါ့ ကျွန်တော်လည်းသူများတွေပြန်ပြောလို့ရတာပေါ့’

‘ ဟုတ်ပါပြီကွာ လေဖြတ်တာက အဓိကကတော့ သွေးကြောပေါက်တာနဲ့ ပိတ်တာတွေကြောင့်ဖြစ်တတ်တယ် တခြားအကြောင်းတွေလည်းရှိပေမယ့် အဓိကကတော့ဒါတွေကွ
သွေးကြောပေါက်တယ်ဆိုတာက သွေတိုးသမားတွေ သွေးတိုးသေချာမထိန်းလို့ပဲဖြစ်ဖြစ် အကြောင်းတခုခုကြောင့်ပဲဖြစ်ဖြစ် သွေးဆောင့်တက်သွားတဲ့အခါ ဖြစ်တတ်တယ် ခေါင်းကိုထိခိုက်တာတွေ သွေကျဲဆေးသောက်နေရတဲ့သူတွေလည်းဖြစ်တတ်တယ်

သွေးကြောပိတ်တာကျတော့ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေ နှလုံးခုန်မမှန်တာတွေမှာဖြစ်တတ်တယ်

တခြားအနေနဲ့ကတော့ အသက်ကြီးတဲ့အခါ တချို့သွေးကြောကြီးတွေ ကျဉ်းလာတာတွေ မှာ တခါတလေ ဖြစ်တတ်တယ် သွေးကြောတွေယောင်တဲ့ရောဂါတွေ သွေးပျစ်တဲ့ရောဂါတွေ မှာလည်းဖြစ်တတ်တယ်ကွ’

‘ ဒီရောဂါတွေကနေ ဘယ်လိုလုပ်ပြီးလေဖြတ်ရတာလဲ ဆရာ’

‘ သက်ဆိုင်ရာဦးနှောက်သွေးကြောအလိုက် သွေးပို့ပေးရတဲ့ ဦးနှောက်အစိတ်အပိုင်းတွေရှိတယ်ကွ သွေးကြောပေါက်သွားတဲ့အခါ အဲ့ဒီအစိတ်အပိုင်းတွေမှာ သွေးကောင်းကောင်းမရတော့ဘူး သွေးမရတော့တဲ့ အစိတ်အပိုင်းတွေက အလုပ်ကောင်းကောင်းမလုပ်နိုင်ကြတော့ဘူး နောက်ပြီး သွေးကြောပေါက်လို့ထွက်လာတဲ့သွေးတွေက ဦးနှောက်အစိတ်အပိုင်းတွေကို ဖိလာတယ် သွေးကနည်းတယ်ဆိုအသက်အန္တရယ်မရှိပေမယ့် ဖိထားတဲ့သွေးပမဏများတဲ့အခါ အသက်တောင်စိုးရိမ်ရတယ်

သွေးကြောပိတ်တာလည်းဒီလိုပဲ သွေးကြောကျဉ်းလာတာဖြစ်ဖြစ် သွေးကြောယောင်တာဖြစ်ဖြစ် သွေးပျစ်တာဖြစ်ဖြစ် တွေမှာ သွေးစီးဆင်းနိုင်တဲ့ အလျင်ကနှေးတယ်ကွ နှေးလာတာနဲ့အမျှ သွေးထဲမှာ ပါတဲ့ ဆဲလ်တွေက အနည်ထိုင်ဖို့ သွေးခဲစေဖို့ဖြစ်လာတယ် ဒီအခဲလေးတွေ ကြောင့်ပဲဖြစ်စေ တနေရာရာကပြုတ်ထွက်လာတဲ့ သွေးခဲကြောင့်ဖြစ်စေ ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေမှာ ပိတ်မိတဲ့အခါ ဦးနှောက်အစိတ်အပိုင်းတွေမှာ သွေးကောင်းကောင်းမရတော့တာတွေဖြစ်ပြီး အလုပ်မလုပ်နိုင်ကြတော့ဘူးကွ’

‘သြော် ဒီလိုကိုး အခုမှပဲ သေချာသဘောပေါက်တော့တယ် ဒါပေမယ့် ဆရာ ကျွန်တော်မရှင်းတာတစ်ခုရှိသေးတယ်’
‘ ဘာလဲကွ’

‘ ကျွန်တော့ဦးလေးလေ ဘာလို့ဝက်သားစားပြီ လေဖြတ်ရတာလဲ ‘
‘ ဝက်သားသက်သက်ကတော့ လေမဖြတ်ဘူးကွ မင်းပြောတော့မင်းဦးလေးမှာ သွေးတိုးအခံရှိတယ်ဆို တာလည်းစဉ်းစားစရာပဲ ဝက်သားဟင်းမှမဟုတ်ဘူး ဘယ်ဟင်းမဆို အဆီအဆိမ့်အငံတွေများရင် သွေးတိုးစေမှာပဲ သွေးပေါင်အရမ်းတက်သွားတာလည်းဖြစ်နိုင်တယ် တခြားအကြောင်းတွေလည်းဖြစ်နိုင်သေးတယ် ဘာကြောင့်လေဖြတ်လဲဆိုတာကတော့ ဖြစ်နိုင်ချေတွေ စစ်ဆေးရမှာပဲ တခြားရောဂါအခံတွေရှိသေးလားတို့ ဘာဆေးတွေသောက်နေလဲတို့ သွေးတိုးကိုရောသေချာထိန်းလားတို့ စတာတွေလည်း ပြန်ကြည့်ရမှာပေါ့’

‘ ဆရာ ပြောပုံက ဆေးတွေကရော လေဖြတ်နိုင်လို့လားဆရာ’
‘ တချို့ဆေးတွေက သွေးပေါင်တက်စေတယ်ကွ အဓိကက steroid ပါတဲ့ ဆေးတွေ ဟော်မုန်းဆေးတွေပေါ့ နောက်ပြီး စောစောကပြောတဲ့ သွေးကျဲဆေးတွေက သွေးယိုစိမ့်တာတွေ ဖြစ်တတ်တယ်ကွ ဒါကြောင့် ဘာဆေးပဲသောက်သောက် ဆရာဝန်တွေတိုင်ပင်ပြီးမှသောက်ပါ မလိုရင် မသောက်ပါနဲ့ သောက်ရင်လည်းရက်ချိန်းသေချာပြန်ပြပါလို့ လူနာတွေကို တဖွဖွ မှာနေရတာပေါ့’

‘ သြော် ဟုတ်ကဲပါ ကျွန်တော့နားလည်ပါပြီ ဒါနဲ့ တစ်ချို့တွေ ငယ်ငယ်ရွယ်ရွယ်လည်းလေဖြတ်တယ်နော် ဆရာ’

‘ အသက်ငယ်လည်းလေဖြတ်နိုင်တာပဲကွ အပေါ်မှာပြောထားတဲ့ ရောဂါတွေ ငယ်ငယ်ရွယ်ရွယ်ဖြစ်လာရင် သူတို့လည်း လေဖြတ်နိုင်တယ် ကိုယ်ဝန်င်ေသည်တွေ မီးနေသည်တွေ သန္ဓေသားဆေးသောက်နေတဲ့သူတွေမှာလည်း ပိုသတိထားရမယ်’

‘ဟုတ်ကဲ့ပါ ဆရာ နောက်တစ်ခုက လေဖြတ်တိုင်းကိုယ်တစ်ခြမ်းခြမ်းဖြတ်တတ်ကြတယ်နော်ဆရာ အဲလိုပဲလားဆရာ’

‘ အဲလိုအမြဲမဟုတ်ပါဘူးကွ ကိုယ်တစ်ခြမ်းဖြတ်တာလည်းရှိတယ် တစ်ချို့ကျတော့ အာရုံကြောတွေပဲ ထိတယ် ထိတဲ့နေရာပေါ်မူတည်ပြီးဖြစ်တာပါကွ’

‘ သြော် အဲလိုလား မသိပါဘူး ကျွန်တော်က လေဖြတ်ရင်ကိုယ်တစ်ခြမ်းပဲ ထင်နေတာ
လေဖြတ်သွားရင်ရော ဘာဆက်လုပ်ရလဲ ဆရာ’

‘မင်း ဦးလေးလိုပဲပေါ့ ဆေးရုံတော့သွားရမယ် ဘာကြောင့်လေဖြတ်တယ်ရှာရမယ် လိုအပ်ရင် CT Scan ရိုက်ရမယ် သွေးကြောပိတ်တာကြောင့်ဖြစ်တာဆိုရင် လေဖြတ်ပြီးသုံးနာရီအတွင်းဆို ပြန်ကုလို့လွယ်တယ် ကုပြီးလည်း နောက်ဆက်ပြီး ဆေးတွေနဲ့ဆက်ထိန်းရမှာပဲ သွေးကြောပေါက်တာဆိုလည်း လုပ်လို့ရနိုင်တာတွေ ရှိလားကြည့်ရမယ် ဆေးကုတဲ့အပိုင်းရော လေ့ကျင့်ခန်းတွေလုပ်တာရောပေါ့’

‘ လေဖြတ်တာကိုရော ကြိုတင်ပြီးကာကွယ်လို့ရလားဆရာ’
‘ ရတာပေါ့ကွ အဓိကကတော့ ကိုယ့်မှာရှိတဲ့ ရောဂါအခံကို သေချာထိန်းရမယ် ဆေးတွေပုံမှန်သောက်တာ ဆရာဝန်တွေ ရက်ချိန်းပြတာတွေ လိုအပ်တာစစ်ဆေးတာတွေ လုပ်ရတယ် အစားအသောက်အနေအထိုင်လည်းပုံစံပြောင်းရမယ်ကွ’

‘ ဘယ်လိုပုံစံပြောင်းရမှာလဲ ဆရာ’

‘ အစားအသောက်ဆိုတာက အဆီအဆိမ့်အငံတွေရှောင် အချိုမှုန့်ရှောင် ဟင်းခတ်အမွှေးအကြိုင်တွေ လျှော့ပေါ့ကွာ ဆီကြော်မုန့်တွေရှောင် အချိုလျှော့ အအီစာတွေလျှော့ပေါ့ကွာ အသီးအရွက်များများစားပေးပေါ့ ဆေးလိပ်အရက်ကွမ်းလုပ်တတ်တယ်ဆိုရင်ဖြတ်ရမယ် နေ့တိုင်းပုံမှန်လေ့ကျင့်ခန်းလုပ်ပေါ့ကွာ လမ်းလျှောက်ပေးတာစသဖြင့်ပေါ့ကွာ အထိုင်မများစေရဘူးကွ စိတ်ဖိစီးတာတွေလျှော့ပေါ့ကွာ ဒါတွေကတော့ ကိုယ်ပိုင်လုပ်နိုင်တဲ့ အရာတွေပေါ့’

‘ ဟုတ်ကဲ့ဆရာ ကျွန်တော်နားလည်ပြီဗျ ကျေးဇူးဆရာ ဒီနေ့တကယ် ဗဟုသုတရတယ် ဆရာလည်းကျွန်တော့ကြောင့် ထမင်းစားပျက်သွားပြီ အားနာလိုက်တာ’

‘ ရပါတယ်ကွာ မင်းသာအခုရတဲ့ဗဟုသုတကို လိုက်ပြီး မျှဝေပေးရင် ထမင်းစားပျက်ရကျိုးနပ်တာပေါ့ကွာ’

‘ ဟုတ်ကဲ့ ဆရာ ဒါတော့စိတ်ချ မျှဝေမှာ အခုတော့သွားပြီဗျ’
‘ အေးပါ နောက်လည်းလာဦးပေါ့’
‘ ဟုတ်ကဲ့ဆရာ’

မောင်ပြုံးထွက်သွားတော့ ထမင်းဆက်စားရင်း …

Dr. CST

ကျန်းမာရေးဆိုတာ အချိန်နေရာမရွေး ဖောက်ပြန် ပျက်စီးနိုင်ပါတယ်။ ဒီလိုအခြေနေမျိုးနဲ့ ကြုံလာတဲ့အခါ စိတ်ပူပင်စရာမျိုးစုံနဲ့ရင်ဆိုင်ရသလို အကူညီတွေလိုအပ်လာမှာပါ။ ဒါတွေကိုရင်ဆိုင်ဖို့အတွက်ကူညီပေးမယ့် ကျန်းမာရေးအာမခံဆိုတာရှိနေပါပြီ။ အသေးစိတ်သိရှိလိုပါက အောက်ကပုံ (Link) ကို နှိပ်ကြည့်ပါ။