လိင်အင်္ဂါမှာ ပေါက်တဲ့ အဖု

လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ လိင်အင်္ဂါကြွက်နို့ဟာလည်း အဖြစ်များတဲ့ ရောဂါထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ Human Papilloma Virus လို့ခေါ်တဲ့ ဗိုင်းရပ်စ် တစ်မျိုးကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အမျိုးအစားပေါင်း တစ်ရာကျော်ရှိတဲ့အထဲက type 6 နဲ့ type 11 ကြောင့် ဖြစ်တာများပါတယ်။ type 16 နဲ့ type 18 ကတော့ သားအိမ်ခေါင်းကင်ဆာကို အများဆုံး ဖြစ်စေတဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။

အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းနဲ့ လိင်စိတ်ဖြေရာ ပစ္စည်းများကို မျှဝေသုံးစွဲခြင်းတို့ကြောင့် ကူးစက်နိုင်ပါတယ်။ ရောဂါ ကူးစက်ခံရပြီး လအတော်ကြာ တချို့တွေမှာ နှစ်ပိုင်းလောက်ထိ ကြာမှ ရောဂါ လက္ခဏာ ပြတတ်ပါတယ်။ ရောဂါ လက္ခဏာ ပြနေစဉ်မှာ တခြားသူကို ပိုမိုကူးစက်နိုင်ပေမယ့် ရောဂါပိုးကူးစက်ခံရပြီး လက္ခဏာ မပြသေးခင် အချိန်တွေမှာလည်း ကူးစက်နိုင်ချေရှိပါသေးတယ်။

ရောဂါ လက္ခဏာတွေ အနေနဲ့ လိင်အင်္ဂါတစ်ဝိုက်မှာ အဖုတွေ ရှိနေတတ်ပြီး နာကျင်မှု့ မရှိတတ်ပါဘူး။ အရောင်အားဖြင့် မိမိအသားရောင်ရဲ့ အရေပြားတိုင်း သော်လည်းကောင်း အနည်းငယ် မည်းနေသလို ဒါမှမဟုတ် မီးခိုရောင် အလုံးအဖုအနေနဲ့ သော်လည်းကောင်း ရှိနေတတ်ပါတယ်။ အဖုတွေက ထိပ်မှာ အဖုအထစ်ပုံမျိုးတွေ ရှိတတ်သလို တချို့ကျလည်း ချောမွေ့တာမျိုးလည်း ရှိတတ်ပါတယ်။ အဖုတွေဟာ တစ်လုံးတည်းလည်း ရှိနိုင်သလို အဖုတွေ အများကြီးပေါင်းပြီး ပန်းပွင့် ပုံစံမျိုးတွေ အနေနဲ့လည်း ရှိနေနိုင်တယ်။

အဖုတွေဟာ အမျိုးသားတွေမှာဆို များသောအားဖြင့် အမျိုးသား အင်္ဂါ၊ ကပ်ပယ်အိတ်၊ ပေါင်ခြံ ၊ ပေါင်အတွင်းသားတွေမှာ ရှိတတ်ပါတယ်။ စအိုရဲ့ အပြင်နဲ့ အတွင်းမမြင်ရတဲ့ နေရာတွေမှာလည်း ရှိတတ်တယ်။ များသောအားဖြင့် အရမ်း မနာကျင်ပေမယ့် အောင့်တောင့်တောင့်ပုံမျိုး ခံစားရတတ်တယ်။

အမျိုးသမီးတွေမှာဆို မိန်းမကိုယ်ရဲ့ အထဲတွေအပြင်တွေနဲ့ စအိုရဲ့ အပြင်တွေရော အထဲတွေမှာပါ ရှိတတ်ပါတယ်။  သားအိမ်ခေါင်းမှာ ရှိနေတာမျိုးတွေလည်း ရှိတတ်တယ်။ ရောဂါကူးစက်ခံ ထားရတဲ့သူနဲ့ ပါးစပ်ကို အသုံးပြုပြီး လိင်ဆက်ဆံတဲ့ သူတွေမှာဆိုရင် နှုတ်ခမ်းတွေ ၊ ပါးစပ်တွေ၊ လျှာတွေနဲ့ လည်ချောင်းတွေထဲမှာပါ အဖုတွေ ရှိနေတတ်တယ်။

မိန်းမကိုယ်အတွင်း မမြင်ရတဲ့နေရာမှာ ပေါက်နေတဲ့သူတွေအတွက် ရောဂါ လက္ခဏာတွေ အနေနဲ့ အဖြူဆင်းတာ၊ မိန်းမကိုယ် ယားယံတာ ၊ သွေးဆင်းတာတွေ ခံစားရနိုင်တယ်။ အမျိုးသားနဲ့ အတူနေပြီးရင် သွေးထွက်တာမျိုးတွေလည်း ကြုံရတတ်တယ်။ တကယ်လို့ အလုံးအဖုတွေက ဆီးပြွန်ထဲမှာပါ ရှိနေရင် ဆီးသွားရင် သွေးပါတာတွေ ၊ ဆီးမသွားနိုင်တာတွေကို ခံစားလာရနိုင်တယ်။ အဲဒီ့အဖုအလုံးတွေကို ထိတဲ့အခါမှာ နာတာမျိုးတွေလည်း ရှိနိုင်တယ်။

မကုသဘဲ ထားတဲ့အခါမှာ သားအိမ်ခေါင်းကင်ဆာ ၊ မိန်းမကိုယ် ကင်ဆာတွေ ဖြစ်နိုင်သလို အမျိုးသားများမှာလည်း အမျိုးသား အင်္ဂါမှာကင်ဆာ ဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။ ပါးစပ်၊ စအိုနဲ့ လည်ပင်းမှာ ပေါက်နေတဲ့သူတွေအနေနဲ့လည်း အဲဒီ့နေရာမှာ ကင်ဆာရောဂါဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးများမှာလည်း သားအိမ်နားတစ်ဝိုက်နဲ့ မိန်းမကိုယ်မှာ ရှိတဲ့ ကြွက်နို့တွေဟာ သားအိမ်ညှစ်အားကို လျော့နည်းစေလို့ မီးဖွားစဉ် အခက်အခဲ ဖြစ်တာမျိုးတွေ ကြုံတွေ့လာရနိုင်ပါတယ်။ အလွန်ရှားပေမယ့် မွေးလာတဲ့ကလေးမှာ လည်ချောင်းမှာ ကြွက်နို့ကူးစက်လာရတာတွေလည်း ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။

ဒီရောဂါကို ဘယ်လိုကာကွယ်လို့ရနိုင်မလဲ

ကွန်ဒုံးသုံးခြင်းက ကူးစက်မှု့ကို အနည်းငယ် လျော့ချပေးပေမယ့် အပြည့်အဝတော့ မကာကွယ်ပေးနိုင်ပါဘူး။ ကာကွယ်ဆေးထိုးခြင်းတွေ လုပ်လို့ရပါတယ်။ လိင်လမ်း ကြွက်နို့ကို အဖြစ်များစေတဲ့ အမျိုးအစားတွေကို ကာကွယ်ဆေးထိုးထားလို့ ရပါတယ်။ အမျိုးသမီးတွေဆို အသက် ၉ နှစ်ကနေ ၁၀ နှစ်လောက်ဆို စထိုးလို့ ရပါပြီ။ အမျိုးသားတွေဆိုရင်တော့ အသက် ၉ နှစ်လောက်ဆို ထိုးလို့ရပါပြီ။ ကာကွယ်ဆေးထိုးတာကလည်း အဖြစ်များစေတဲ့ ကြွက်နို့အမျိုးအစား ၂ မျိုးကနေ ၄ မျိုးလောက်ကို ကာကွယ်ပေးနိုင်ရုံပါ။ တခြားဖြစ်စေတဲ့ ကြွက်နို့အမျိုးအစားတွေ ရှိသေးလို့ အပြည့်အဝ ကာကွယ်မှု့တော့ မရနိုင်ပါဘူး။ အကောင်းဆုံးက တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးလုပ်ဆောင်တာ အကောင်းဆုံးပါပဲလို့ အကြံပေး တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။

Author : Dr. မျိုးဆက်