ချောင်းဆိုးခြင်း

ချောင်းဆိုးတာ၊ နှာချေတာ၊ လေလည်ချင်တာ ဆိုတာတွေဟာ လူကြားသူကြားထဲမှာ အောင့်ထားပြီး ထိန်းချူပ်ထားဖို့ ခက်ခဲတဲ့ အရာတွေပါ။

သင့်ရဲ့အသက်ရှူလမ်းကြောင်းစနစ်ထဲက တစ်နေရာရာကို မိမိနဲ့ဓာတ်မတည့်တဲ့ အမှုန်အမွှားတွေက သို့မဟုတ် အခိုးအငွေ့တွေက သို့မဟုတ် အကျိအချွဲတွေက ကလိလို့ယားတာပဲဖြစ်ဖြစ်၊ ဗိုင်းရပ်စ်ပိုးတို့ ဘက်တီးရီးယားပိုးတို့ ဝင်ရောက်ကူးစက်လို့ အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊ အကျိအချွဲတွေများလာတာပဲဖြစ်ဖြစ် ဖြစ်လာရင် ချောင်းဆိုးခြင်းကို ဖြစ်စေပါတယ်။

ချောင်းဆိုးတာဟာ အသက်ရှူလမ်းကြောင်း ကို ယားယံအောင်လုပ်နေတဲ့ ထိုအရာများကို အသက်ရှူလမ်းကြောင်းမှ ဖယ်ရှားပေးတဲ့ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တစ်ခုပါ။ ချောင်းကိုအကြမ်းအားဖြင့် အမျိုးအစားနှစ်ခုခွဲထားပါတယ်။ သလိပ်မရဘဲ လည်ချောင်းယားပြီး တဟွတ်ဟွတ်နဲ့ ဆိုးတဲ့ချောင်း နဲ့ သလိပ်ထွက်ပြီး ဆိုးတဲ့ချောင်းဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။

ချောင်းခြောက်အကြောင်းစပြောပါ့မယ်။

ချောင်းခြောက်ဆိုးခြင်း

ချောင်းခြောက်ဆိုးတာဟာ ဆေးလိပ်သောက်တာကြောင့် ဒါမှမဟုတ် ဖုန်မှုန့်၊ မီးခိုးငွေ့တွေ၊ မိမိနဲ့ဓါတ်မတည့်တဲ့ အမှုန်အမွှားတွေ ရှူမိပြီး လည်ချောင်း ယားယံတာ၊ လေပြွန်လေးတွေ ရောင်ရမ်းပြီး ကျဉ်းလာတာတွေကြောင့်ပါ။ တချို့ဆို ရာသီအလိုက်ပွင့်တဲ့ ပန်းအမှု့န်တစ်မျိုးနဲ့ ဓာတ်မတည့်တာကြောင့် အဲ့ပန်းပွင့်တဲ့ရာသီတလျှောက်လုံး ဘာဆေးပဲသောက်သောက်မပျောက်ဘဲ ချောင်းခြောက်ဆိုးပြီး အဲ့ပန်းပွင့်ရာသီပြီးလို့ ပန်းဝတ်အမှုန်တွေ လေထဲမရှိတော့မှပဲ ချောင်းဆိုးတာ ပျောက်သွားပါတယ်။

အဲယားကွန်းနဲ့အမြဲအိပ်ပြီး အဲယားကွန်းကို သန့်ရှင်းရေးလုပ်ဖို့ မေ့နေတဲ့သူတွေဆိုရင်လည်းချောင်းခြောက်ဆိုးနိုင်ပါတယ်။ အကြောင်းကတော့ အဲယားကွန်းကို သန့်ရှင်းရေး မလုပ်တာကြာရင် အညစ်အကြေးတွေပိတ်ကာ ရေတွေကျပြီး ကျတဲ့ရေတွေက အခန်းကော်ဇောတို့ မွေ့ယာတို့ကို ရေစိုကာမှိုတက်နိုင်ပါတယ်။ အဲမှိုတွေကို အိပ်တဲ့အခါတိုင်း ရှူရှိုက်နေရတော့ လည်ချောင်းယားလာကာ ချောင်းခြောက်ဆိုးခြင်းကို ခံစားရနိုင်ပါတယ်။

ဒါကြောင့် အဲယားကွန်းကို နှစ်လတစ်ခါဖြစ်ဖြစ်၊ သုံးလတစ်ခါဖြစ်ဖြစ် တတ်ကျွမ်းနားလည်တဲ့သူကိုခေါ်ပြီး ဆေးဖို့လိုပါတယ်။ နောက်ပြီး မိမိအိပ်တဲ့နေရာ (အိပ်ခန်း) ကိုလည်း အနည်းဆုံး တစ်ပတ်တစ်ခါလောက်တော့ သန့်ရှင်းရေး လုပ်သင့်ပါတယ်။

စားချင့်ပြန်ရောဂါလို့ခေါ်တဲ့ GERD ရောဂါရှိသူတွေဆိုရင်လည်း အစာအိမ်မှ အက်စစ်တွေဟာ အထက်သို့ပြန်တက်ကာ အသက်ရှူ လမ်းကြောင်းကို ယားယံစေသောကြောင့် ချောင်းခြောက်ဆိုးခြင်းကို ခံစားရနိုင်ခြေ ရှိပါတယ်။ ချောင်းခြောက်ဆိုးတာဟာ သလိပ်ထွက်ပြီး ဆိုးတာထက် ခံစားရတဲ့ ဝေဒနာ ပိုဆိုးပါတယ်။ လည်ချောင်းနာဖို့လည်း ဖြစ်နိုင်ခြေပိုများပါတယ်။ ညဘက်လည်း အိပ်မရတတ်ပါ။

ချောင်းခြောက်အကြောင်းပြောပြီးနောက် သလိပ်ထွက်ပြီးဆိုးတဲ့ချောင်း အကြောင်းပြောပါ့မယ်။

သလိပ်ထွက်ပြီးဆိုးတဲ့ချောင်း

အများအားဖြင့် ချောင်းဆိုးချွဲပါဟာ ရာသီအကူးအပြောင်းတွေမှာ ပိုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဆုတ်ကို အကျိအချွဲထုတ်နိုင်တဲ့ တစ်သျှုးတွေနဲ့ ဝန်းရံထားပါတယ်။ အကျိအချွဲရဲ့တာဝန်ကတော့ ကျွန်တော်တို့ရဲ့ အသက်ရှူလမ်းကြောင်းကို အမှုန်တွေ၊ ဗိုင်းရပ်ပိုးတွေ၊ ဘက်တီးရီးယားပိုးတွေ စတဲ့အရာတွေကနေ ကာကွယ်ပေးဖို့ပါ။

ဖျားနေတဲ့အချိန်မျိုးမဟုတ်ဘဲ သာမန်အချိန်မှာတောင်မှ အပြင်ကနေ ဝင်ရောက်လာတဲ့ အမှုန်အမွှားအရာဝတ္ထုတွေ အဆုတ်ထဲကိုဝင်ရောက်မှု မရှိရန်အတွက် ခန္ဓာကိုယ်ကနေ အကျိအချွဲတွေထုတ်ပါတယ်။ အအေးမိလို့ဖျားတဲ့အခါမှာဆိုရင် ခန္ဓာကိုယ်က သာမန်အချိန်တွေထက်ပိုပြီးတော့ အကျိအချွဲတွေထုတ်ပေးပါတယ်။ ဝင်လာတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေကို အကျိအချွဲနဲ့ ဖမ်းထားပြီး ချောင်းဟပ်ထုတ်ခြင်းဖြင့် ဖယ်ရှားနိုင်အောင်လို့ပါ။

ချောင်းဆိုးချွဲပါဖြစ်နိုင်တဲ့ အခြေအနေများကတော့ ထိပ်ကပ်နာဖြစ်တာ၊ နမိုးနီးယားခေါ်သော အဆုတ်အအေးပတ်ရောဂါဖြစ်တာ၊ COPD ခေါ် နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ရောဂါဖြစ်တာ၊ တီဘီရောဂါဖြစ်တာ၊ အသက်ရှူလမ်းကြောင်းထဲ ပိုးဝင်တာစတဲ့ အခြေအနေတွေမှာ ဖြစ်နိုင်ပါတယ်။

ချောင်းအမျိုးအစားနဲ့ ဖြစ်ရတဲ့အကြောင်းရင်းတွေ တင်ပြပြီးပြီဆိုတော့ ဖြစ်လာရင် သက်သာအောင်လုပ်နိုင်မယ့် ဆောင်ရန် ရှောင်ရန်တွေလည်း ဆက်ပြောပါရစေ။

ချောင်းခြောက်ဖြစ်ဖြစ် ချောင်းဆိုးချွဲပါဖြစ်ဖြစ် ခံစားရရင်

ရေခဲရေ ရှောင်ပါ။
အငွေ့အမှုန် ရှောင်ပါ။ ဆေးလိပ်သောက်သူ ဆိုပါကလည်း ဆေးလိပ်သောက်တာ ရပ်ထားပါ။
လူထူထပ်သော နေရာများကို ရှောင်ပါ။ ဆီကြော်တွေ၊ အချိုရည်တွေ ရှောင်ပါ။
အရည်များများ သောက်ပေးပါ။ (ဓာတ်ဆားရည် ၊ရေ၊ စွပ်ပြုတ်)
ကိုယ်ခံအားကောင်းစေတဲ့ ချဉ်သော အသီးအနှံတွေ စားပါ။
အိမ်မှာ အနားယူပါ။ ရေနွေး သောက်ပေးပါ။ ညအိပ်ခါနီးကို ရေနွေးဖြူပူပူ တစ်ခွက်မှုတ်သောက်ပါ။ရေနွေးဖြူထဲ ဆားအသင့်တင့်ခပ်ပြီး မပူမအေးအချိန်မှာ ပလုတ်ကျင်းပေးပါ။
ငုံဆေး တစ်ခုခု ငုံပေးပါ။


ချောင်းဆိုးပျောက်ဆေး၊ ချွဲပျော်ဆေးများကိုလည်း မနက်တစ်ကြိမ် ညတစ်ကြိမ်သောက်နိုင်ပါတယ်။
အဆုံးသတ်အနေနဲ့အကြံပေးလိုတာကတော့

ချောင်းဆိုးတာနဲ့အတူ ညနေညနေအဖျားတက်တာ၊ ချောင်းဆိုးသွေးပါတာ၊ ချောင်းဆိုးက နှစ်ပတ်ကျော်တဲ့အထိ မပျောက်တာ တွေဖြစ်ခဲ့ရင်တော့ ကြားဖူးနားဝ ဆေးမြီးတိုတွေ အရပ်ဆေးနည်းတွေအတိုင်းလျှောက်လုပ်မနေဘဲ နီးစပ်ရာဆေးခန်းဖြစ်ဖြစ် သို့မဟုတ် ပြည်သူ့ကျန်းမားရေးဌာနဖြစ်ဖြစ် သွားပြီး တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ပြသကာ စမ်းသပ်စစ်ဆေးမှုလုပ်ပါ လို့ အကြံပြုချင်ပါတယ်။

Author : Dr. 528