ရင်ဘတ်အောင့်ခြင်း

ရင်ဘတ်အောင့်တဲ့အခါမှာ “ငါ နှလုံးရောဂါများ ဖြစ်နေလား၊ နှလုံးမကောင်းတာလား”ဆိုပြီး လူအများစုက တွေးပူတတ်ကြပါတယ်။ အမှန်တော့ နှလုံးရောဂါ တစ်ခုတည်း ရင်ဘတ်အောင့်တတ်တာ မဟုတ်ပါဘူး။ တခြားအကြောင်းအမျိုးမျိုးကြောင့်လည်း ရင်ဘတ်အောင့်နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာ ရင်ဘတ်အောင့်စေတဲ့ ရောဂါတွေ အကြောင်းကို အနည်းငယ် ပြောပြချင်ပါတယ်။

အစာအိမ်ပြွန်ဝရောင် ရောဂါ
စိတ်ဖိစီးမှုတွေ ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်စားသောက် ပြုမှုပုံတွေကြောင့် ဒီရောဂါဟာလည်း တစ်စနဲ့ တစ်စ အဖြစ်များလာပါတယ်။ အစာအိမ်ထဲမှာ ရှိနေတဲ့ အက်စစ်ဓာတ်တွေဟာ အစာအိမ်ပြွန်ဝကို ပြန်ကန်တက်လာတဲ့အတွက် ဖြစ်ရတဲ့ ရောဂါပါ။ ရင်ဘတ်အောင့်တာတွေ အပြင် ရင်ထဲမှာ တစ်စို့စို့ ခံစားရတာတွေ ၊ ရင်ပူတာတွေ ပါ ဖြစ်တတ်ပါတယ်။ လည်ချောင်းနာတာတွေ ချောင်းခြောက်ဆိုးတာတွေထိ ပါ ဖြစ်တတ်ပါသေးတယ်။ ပါးစပ်ထဲမှာ ချဉ်ချဉ်ကြီး ဖြစ်နေတာမျိုးတွေလည်း တွဲရှိနေတတ်ပါတယ်။ ဒီရောဂါဟာ ဆေးလိပ်သောက်သုံးတဲ့သူတွေ ၊ အဝလွန်သူတွေမှာ ပိုအဖြစ်များပါတယ်။ ဆီးချိုရောဂါသည်တွေ ကိုယ်ဝန်သည်တွေမှာလည်း ဖြစ်တတ်ပါသေးတယ်။

တစ်ပတ်မှာ ၂ ခါထက်ပိုပြီး ရောဂါ လက္ခဏာတွေ ခံစားနေရရင်တော့ ဆရာဝန်တွေနဲ့ ပြသသင့်ပါတယ်။ ဆေးလိပ်ဖြတ်တာ ၊ အရက်သေစာရှောင်ကြဉ်တာတွေ လုပ်သင့်ပါတယ်။ ကိုယ်အလေးချိန်များရင်လည်း ဖြစ်နိုင်လို့ သင့်တော့်တဲ့ ကိုယ်အလေးချိန်ထဲမှာ ရှိအောင် ပြုမူနေထိုင်သင့်ပါတယ်။ အစားကို အချိန်မှန်စားတာ ၊ အပူအစပ်တွေကို ရှောင်ရှားတာမျိုးတွေလည်း ပြုလုပ်သင့်ပါတယ်။

ကြွက်သားများ ရောင်ရမ်းနာကျင်ခြင်း
ရင်ဘတ်ကို ဖုံးအုပ်ထားတဲ့ နံရိုးတွေ အပေါ်မှာ ကြွက်သားတွေ ရှိပါတယ်။ ဒီကြွက်သားတွေ နာကျင်ရောင်ရမ်းသွားတဲ့ အခါမျိုးတွေမှာလည်း ရင်ဘတ်အောင့်တဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။ အဓိက က ကြွက်သားတွေကို အသုံးပြုတာ များသွားတဲ့အတွက် ဖြစ်ရတာပါ။ ဒီလို ဝေဒနာ ခံစားရပြီဆိုရင် လှုပ်ရှားလို့ မရတော့တာ လှုပ်ရှားတာနဲ့ နာနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရင်ဘတ်ကြွက်သားတွေ နာကျင်နေတဲ့အခါမှာတော့ ဘေးစောင်းအိပ်ရင် နာတာမျိုးတွေ ရှိတတ်ပါတယ်။

ကုသနည်းကတော့ နာနေတဲ့ ကြွက်သားတွေကို အနားပေးသင့်ပါတယ်။ မိနစ် ၂၀ လောက် ရေခဲဝတ်နဲ့ ကပ်ပေးခြင်းဖြင့် နာကျင်မှုတွေကို အနည်းငယ် သက်သာစေမှာ ဖြစ်ပါတယ်။

အရိုးနုများ ရောင်ရမ်းခြင်း
နံရိုးတွေနဲ့ ဆက်ထားတဲ့ အရိုးနုတွေ ရောင်ရမ်းတဲ့အခါမှာလည်း ရင်ဘတ်အောင့်တတ်ပါတယ်။ ဘာကြောင့်ဖြစ်ရတယ်လို့ အတိအကျ မရှိပေမယ့် လက်မောင်း ကြွက်သားတွေကို အသုံးပြုတာများသွားတဲ့ အခါတွေမှာ ဖြစ်တတ်ပါတယ်။ အရိုးနုတွေ ရောင်ရမ်းတဲ့အခါမှာ ရင်ဘတ်အောင့်ခြင်း ၊ ရင်ဘတ်မို့မောက် ရောင်ရမ်းခြင်း နာကျင်ခြင်းတွေ ရှိတတ်ပါတယ်။ ဒီရောဂါဟာ လှဲအိပ်ရင် နာကျင်မှု ပိုဆိုးတတ်ပါတယ်။ အသက်ပြင်းပြင်းရှူရင် နာတာမျိုးတွေ ရှိတတ်သလို အရမ်းဆိုးရင် ချောင်းဆိုး နှာချေတဲ့အခါမှာ မျက်ရည်ကျလောက်တဲ့အထိ နာကျင်မှုတွေ ခံစားရတတ်ပါတယ်။

ကုသနည်းကတော့ နာကျင်နေတဲ့ နေရာကို ရေနွေးအိတ်ကပ်ပေး သင့်ပါတယ်။ အနားယူတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ လိုအပ်ရင်တော့ အကိုက်အခဲ ပျောက်ဆေးသောက်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

စိတ်ဖိစီးမှုကြောင့် ရင်ဘတ်အောင့်ခြင်း
စိတ်ဖိစီးတာ ၊ စိတ်ခံစားမှု ပြင်းထန်တာတွေကြောင့်လည်း ရင်ဘတ်အောင့်တတ်ပါတယ်။ စိတ်ခံစားမှု တစ်ခုခုကို ပြင်းပြင်းထန်ထန် ခံစားပြီး ရင် ဇောချွေးတွေ ပြန်လာတာ ၊ ရင်တွေ တလှပ်လှပ်တုန်လာတွေ ၊ ပျို့ချင် အန်ချင် ဖြစ်လာတာတွေ ခံစားရတတ်ပါတယ်။ ဒါ့အပြင် အသက်ရှူမဝတော့ဘဲ ရင်ဘတ် အောင့်လာတာမျိုးတွေပါ ဖြစ်တတ်ပါတယ်။ ဒီရောဂါကတော့ မိနစ် အနည်းငယ်လောက်သာ ကြာမြင့်ပြီးရင် ပြန်ကောင်းသွားတတ်ပါတယ်။ တစ်ခါတရံ ပြန်ကောင်းသွားတာတောင် ခေါင်းမူးပြီး ကျန်နေတာမျိုးတွေလည်း ရှိတတ်ပါတယ်။

ကုသနည်းကတော့ စိတ်ဖိစီးတွေကို ဖြေဖျောက်ရပါမယ်။ တရားထိုင်တာ ၊ စိတ်ကို အကောင်းဘက် မွေးမြူတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ ခေါင်းမူးရင်တော့ ဓာတ်ဆားရည် သောက်ပေးတာမျိုး ၊ ချိုတဲ့ ဖျော်ရည်တစ်ခုခု သောက်ပေးတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

အဆုတ်ကြောင့် ရင်ဘတ်အောင့်ခြင်း
နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်အအေးမိခြင်းမှာလည်း ရင်ဘတ်အောင့်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အဆုတ်အမြှေးပါး ရောင်ရမ်းတဲ့အခါမှာလည်း ရင်ဘတ်အောင့်တတ်ပါတယ်။ ဒီရောဂါတွေမှာတော့ နှာချေခြင်း ၊ ချောင်းဆိုးခြင်း ၊ ဖျားနာခြင်း စတဲ့ တခြား လက္ခဏာတွေ တွဲနေတတ်ပါတယ်။ ဒါ့အပြင် မောပန်းတာ ၊ အသက်ရှူကြပ်တာ ၊ အသက်ရှူ မြန်တာ တွေလည်း ရှိနေတတ်ပါတယ်။ အသက်ရှူသွင်း ရှူထုတ်တွေမှာ ပိုပြီး ရင်ဘတ်အောင့်တတ်ပါတယ်။ ဒီရောဂါဟာလည်း နှလုံးရောဂါ လိုပဲ အသက်အန္တရာယ် ရှိနိုင်တဲ့ ရောဂါဖြစ်လို့ ဒီရောဂါ လက္ခဏာ ခံစားရရင် နီးစပ်ရာ ဆရာဝန်တွေနဲ့ အမြန်ဆုံး ပြသပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။

Author : Dr. မေ