သွေးလှူဖို့ ဘာတွေလိုမလဲ

လူ့အသက်ဆိုတာ အရမ်းအဖိုးတန်ပါတယ်။ ထိုအသက်တစ်ချောင်းကို ကယ်တင်ဖို့အတွက် ဆရာဝန်၊ သူနာပြု ကျန်းမာရေး လုပ်သားတွေဖြစ်နေဖို့ မလိုပါဘူး။ မည်သူမဆို သွေးလှူခြင်းဖြင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။ ယခင်က တစ်ဦးတစ်ယောက်ခြင်းစီသာ သွေးလှူခြင်းများ များခဲ့ပေမယ့် အခုဆိုရင် အုပ်စုလိုက် သွေးလှူဒါန်းမှုများ ၊ သွေးလှူဒါန်းသည့် အဖွဲ့အစည်းများ အသင်းအဖွဲ့များ စသဖြင့် တွင်တွင် ကျယ်ကျယ် ဖွံဖြိုးလာခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သွေးသွင်းကုသခြင်းများကို ၁၈၉၉ ခုနှစ်ကနေစတင်ပြီး ရန်ကုန်ဆေးရုံကြီးမှာ စတင်ပြုလုပ်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်မှာတော့ ရန်ကုန်အမျိုးသား သွေးလှူဘဏ် ပေါ်ပေါက်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် သွေးသွင်းကုသရန် လိုအပ်သည့် လူနာများစွာကို သွေးသွင်းကုသပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် သွေးလှူဒါန်းသည့် လူဦးရေလည်း သိသိသာသာကို တိုးပွားလာပြီဖြစ်ပါတယ်။

သို့သော် သွေးကို မလှုသင့်သည့်အချိန်မျိုးတွင် လှူမိပါက မိမိအတွက် သွေးအားနည်းခြင်း မူးဝေခြင်း အားနည်းခြင်း စသည့် လက္ခဏာများကို ခံစားရနိုင်ပါတယ်။ သွေးလှုဖို့်အတွက် ဘာတွေလိုအပ်လဲ ဘယ်လိုအချိန်တွေမှာ သွေးမလှုသင့်လဲဆိုတာ ကို သိစေနိုင်ဖို့အတွက် ဒီဆောင်းပါးလေးမှာ ရေးသားဖော်ပြလိုက်ပါတယ်။

သွေးလှူဒါန်းဖို့အတွက်
သွေးအားကောင်းရန်လိုအပ်သည်
သွေးပေါင်ချိန်ကောင်းရမည်
ကူးစက်ရောဂါများ မရှိသူဖြစ်ရမည်
နာတာရှည်ရောဂါများ သွေးရောဂါများ မရှိသူဖြစ်ရမည်
အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိသူဖြစ်ရမည်
အမျိုးသားများအတွက် ကိုယ်အလေးချိန် ပေါင် ၁၁၀ နှင့်အထက်ရှိရမည်
အမျိုးသမီးများအတွက် ကိုယ်အလေးချိန် ပေါင် ၁၀၀ နှင့်အထက်ရှိရမည်
သွေးမလှူခင် ညမှာ အိပ်ရေးဝစွာ အိပ်စက်ထားသူဖြစ်ရမည်
အရက်သေစာ သောက်စားထားခြင်းမရှိသူ ဖြစ်ရမည်
လတ်တလော ဓမ္မတာလာနေခြင်းမရှိသူ ဖြစ်ရမည်။

ဒီလိုလူတွေကတော့ လတ်တလော သွေးလှူဒါန်းရန် မသင့်သေးပါဘူး။ အချိန်အနည်းငယ်စောင့်သင့်ပါတယ်။
ကိုယ်ဝန်ပျက်ကျထားခြင်းမျိုးရှိလျှင်
သွေးသွင်းကုသမှု ခံယူဖူးလျှင်
ဆေးမင်ကြောင်ထိုးထားခြင်းမျိုးရှိလျှင် ၆ လခန့်နားပြီးမှ သွေးလှူသင့်ပါတယ်။
ခွေးရူးကာကွယ်ဆေးထိုးထားလျှင် ၊ အကြီးစားခွဲစိတ်မှုများ ပြုလုပ်ထားလျှင် ၊ အူရောင်ငန်းဖျားရောဂါဖြစ်ထားလျှင် အနည်းဆုံး ၁ နှစ်ခန့် နားပြီးမှ သွေးလှူဒါန်းသင့်ပါတယ်။
နို့တိုက်မိခင်များအနေနှင့်လည်း ကလေးမွေးပြီး ၁ နှစ်ခန့်နားပြီးမှ သွေးလှူဒါန်းခြင်းပြုသင့်ပါတယ်။
သွေးလှူဒါန်းမှုများပြုလုပ်ထားခြင်းမျိုးရှိလျှင် ၄ လခန့်နားပြီးမှ နောက်ထပ် လှူဒါန်းပါ။

အချို့သူတွေကတော့ သွေးလှူဒါန်းမှုများ လုံးဝ မပြုသင့်ပါဘူး
ကင်ဆာရောဂါ ဝေဒနာရှင်များ
နှလုံးရောဂါ
သွေးရောဂါ ခံစားနေရသူများ
အင်စူလင်ထိုးနေရသော ဆီးချိုရောဂါဝေဒနာရှင်များ
အသည်းရောင်အသားဝါ ဘီပိုး စီပိုး ၊ HIV ရောဂါအစရှိသည့် သွေးမှတဆင့်ကူးစက်တတ်သည့်ရောဂါရှိသူများ
လက်ရှိတွင် တီဘီရောဂါ ခံစားနေရပြီး ဆေးကုသမှုခံယူနေသူများ
အသည်းပျက်စီးနေသူ ၊ ကျောက်ကပ်ပျက်စီးနေသူများအနေဖြင့် သွေးလှူဒါန်းမှုများ လုံးဝမလုပ်သင့်ပါဘူး။ ဒီလိုလူတွေကိုလည်း စိတ်ဓာတ်ကျ ဝမ်းနည်းမှုတွေ မဖြစ်စေချင်ပါ။ အခြား အကျိုးရှိသည့် ပရဟိတ လုပ်ငန်းတွေမှာ ပါဝင်ကုသိုလ်ယူလို့ရပါတယ်။

သွေးလှူသည့် လူအများကိုလည်း သွေးလှူဒါန်းမှုများပြုလုပ်ပြီးသည့်အခါမျိုးမှာ
သွေးဖောက်သည့်နေရာကို သန့်ရှင်းစွာထားဖို့
သွေးလှူသည့်လက်ကို အတတ်နိုင်ဆုံး အနားပေးဖို့
အရည်များများသောက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။
သွေးလှူပြီးခါစ အချိန်မျိုးတွေမှာ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။ မိနစ်အနည်းငယ် လှဲနေပေးသင့်ပါတယ်။ သွေးအားကောင်းမွန်စေတဲ့ အစားအစာမျိုးတွေလည်း စားပေးသင့်ပါတယ်။ သွေးဖောက်ထားတဲ့ နေရာမှာ အနည်းငယ် အညှိအမဲစွဲတာမျိုးတွေ ရှိတတ်ပါတယ်။ စိတ်ပူစရာမလိုပါဘူး။ သူ့အလိုလို ပြန်ပျောက်သွားပါလိမ့်မယ်။ ဒီဆောင်းပါးလေးကို ဖတ်ခြင်းအားဖြင့် သွေးလှူဖို့ ဘာတွေလိုအပ်တယ် ၊သွေးလှူပြီးသွားရင် ဘယ်လိုတွေလုပ်ရမယ်ဆိုတာ သိရှိစေရန် မျှော်လင့်ရင်း သွေးလှူခြင်းဖြင့် လူတွေရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ လူစွမ်းကောင်းများဖြစ်ကြပါစေ။

Author; Dr.မေ