မတော်တဆမှ ရင်မနာရလေအောင်

လူ့ဘဝဟာ ပန်းခင်းမှာရှိနေတဲ့ ပန်းကလေးတွေနဲ့တူပါတယ်။ ပန်းလေးတွေလိုပဲ ဖူးငုံရာက ပွင့်လန်း နောက်ဆုံးမှာတော့ ကြွေကျကာ မြေခရရှာပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကြွေချိန်မတိုင်ဘဲ လေပြင်းတိုက်လို့ ကြွေရတဲ့ ပန်းကလေးတွေရှိသလို အချိန်မတန်ခင် မတော်တဆမှုတစ်ခုခုကြောင့် အသက်အန္တရာယ်ဆုံးရှုံးသွားရရှာတဲ့ အသက်ပေါင်းများစွာလည်း ရှိလို့နေပါတယ်။

တစ်ခါတစ်လေမှာတော့ လေပြင်းဒဏ်ကြောင့် ပွင့်ဖတ်တွေနွမ်းပြီး အလှပျက်ခဲ့ရတယ့် ပန်းကလေးတွေရှိသလို ကံကြမ္မာဆိုးတစ်ခုခုနှင့် တွေ့ကြုံပြီးတဲ့နောက် ကိုယ်လက်အဂါင်္အစိတ်အပိုင်းများ ဆုံးရှုံ့းသွားတာ ၊ အာရုံချို့ယွင်းသွားတာမျိုးကြောင့် မသန်စွမ်းဘဝကို ရောက်ရှိသွားရရှာတဲ့ သက်ရှိလူသားများသည်လည်း မိမိတို့ပတ်ဝန်းကျင်မှာ နေ့စဉ်နီးပါးတွေ့မြင်နေရမှာပါ။ အချို့စိတ်ဓာတ်ကြံခိုင်တဲ့သူတွေကတော့ ဘဝကို အရှုံးမပေးဘဲ လှဲကျရာနေရာက ပြန်ထနိုင်ကြပေမယ့် အချို့မှာတော့ နောင်တတွေရ စိတ်ဓာတ်တွေကျရင်း ကံကြမ္မာကို အပြစ်ဖို့ ဘဝကြီးဟာ ရှင်လျှက်သေသွားကြတဲ့ လူတွေလည်း ရှိပါတယ်။ မတော်တဆမှုဆိုတာကလည်း နေ့စဉ်နေရာတကာမှာ ဖြစ်ပျက်နေတဲ့ ကြောက်မက်ဖွယ်အရာတစ်ခုပါပဲ ။ WHO ရဲ့ စစ်တမ်းများအရလည်း ဆယ်ကျော်သက်အရွယ်လူငယ်များကို သေဆုံးမှုဖြစ်ပွားစေတဲ့ အကြောင်းအရာများထဲမှာ မတော်တဆဖြစ်ပွားမှုပါဝင်နေတာကို တွေ့နိုင်ပါတယ်။

မတော်တဆမှုဆိုသည့်နေရာမှာလည်း များစွာရှိပါတယ်။ လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်ခြင်း ၊ ယာဉ်မတော်တဆဖြစ်ခြင်း ၊ ဓာတ်ရောင်ခြည်မတော်တဆဖြစ်ခြင်း စသည့် မတော်တဆဖြစ်ခြင်းများ များစွာရှိပါတယ်။ ထိုအရာများထဲမှ အဖြစ်အများဆုံးနှင့် အသက်အန္တရာယ်ဆုံးရှုံးမှုအများဆုံး ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ ယာဉ်မတော်တဆဖြစ်ခြင်းပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ မတော်တဆဖြစ်ပွားမှုအများဆုံးဖြစ်တဲ့ ယာဉ်မတော်ဖြစ်ပွားမှုအကြောင်း ရေးသားဆွေးနွေးလိုက်ပါတယ်။ နှစ်စဉ် ၁.၂၅ သန်းခန့်ဟာ ယာဉ်မတော်တဆဖြစ်ခြင်းကြောင့် သေဆုံးလျှက်ရှိပါတယ်။ ဒီပုံစံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ ၂၀၃၀ မှာ ယာဉ်မတော်တဆဖြစ်ခြင်းကြောင့် သေဆုံးမှုဟာ စုစုပေါင်းသေဆုံးမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းများရဲ့ ၇ ခုမြောက်တောင်ဖြစ်လာနိုင်ချေရှိတယ်လို့လည်း WHO ကခန့်မှန်းထားပါတယ်။

ယာဉ်မတော်ဖြစ်မှုတွေကို ကြည့်လိုက်ရင်လည်း ဖွံဖြိုးဆဲနိုင်ငံတွေ ၊ ဝင်ငွေနည်းပါးသောနိုင်ငံတွေမှာ ပိုအဖြစ်များတာ တွေ့နိုင်ပါတယ်။ များသောအားဖြင့် ယောက်ကျားလေးတွေမှာ အဖြစ်များပါတယ်။ ဖွံဖြိုးဆဲနိုင်ငံတွေ ဝင်ငွေနည်းတဲ့ နိုင်ငံတွေမှာ အဖြစ်များတာကတော့ ယာဉ်များမှာ လုံခြုံစိတ်ချမှုနည်းပါးခြင်း ၊ လမ်းပန်းဖွဲ့စည်းတည်ဆောက်ပုံအနေအထားများကြောင့် အဖြစ်များပါတယ်။ တစ်ဦးချင်းစီအနေနဲ့ ပြောရရင်တော့ အရှိန်များခြင်း ၊ ဦးထုပ်မဆောင်းခြင်း ၊ ခါးပတ်မပတ်ခြင်း ၊ ယာဉ်စည်းကမ်းကိုနားမလည်ခြင်း စသည့် အကျင့်ဆိုးများကြောင့်ဖြစ်ပါတယ်။ အရက်သောက်သုံးပြီး မောင်းနှင်ခြင်းဟာလည်း ယာဉ်မတော်တဆဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုထဲမှာပါ ပါတယ်။ ယာဉ်မတော်တဆဖြစ်ပွားခြင်းဟာ အသက်အန္တရာယ်ကို ဆုံးရှုံးစေနိုင်ရုံမျှမက မသန်စွမ်းဖြစ်ပွားခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းနှင့် ယှဉ်လျှင် နေ့စဉ်လမ်းပေါ်မှာ ဆုံးပါးသွားရတဲ့ အသက်ပေါင်း ၃၄၀၀ ကျော်ရှိပြီး နှစ်စဉ် ၁၀ သန်းနှင့် အထက်လူများဟာ ယာဉ်မတော်တဆမှုကြောင့် မသန်စွမ်းဖြစ်ပွားလျှက် ရှိပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသမှုထက် အကောင်းဆုံးဆိုသလိုပါပဲ ။

ယာဉ်မတော်တဆဖြစ်ပွားမှုကိုလည်း ကြိုတင်ကာကွယ်သင့်ပါတယ်။ တစ်ဦးခြင်း တစ်ယောက်ခြင်းစီ အနေဖြင့် ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသော အရှိန်အတွင်းသာ မောင်းနှင်ခြင်း ၊ ခါးပတ်ပတ်ခြင်း ၊ ဆိုက်ကယ်စီးလျှင် ဦးထုပ်ဆောင်းခြင်း များပြုလုပ်ပါ။ ညဖက်မောင်းနှင်ရာတွင်လည်း မိမိယာဉ်တွင် မီးများ သေချာလင်းမလင်းကို စစ်ဆေးသင့်ပါတယ်။ ယာဉ်စက်ပစ္စည်းများ ကြံ့ခိုင်မှုရှိမရှိကိုလည်း မပြတ် စစ်ဆေးပါ။ ယာဉ်မောင်းနှင်နေစဉ်အတွင်း မူးယစ်စေသော ပစ္စည်းများသုံးစွဲခြင်းကိုလည်း ရှောင်ကြဉ်ပါ။

အစိုးရအနေဖြင့်လည်း အမြန်နှုန်းဖြင့်မောင်းနှင်သော ယာဉ်များ ၊ လမ်းစည်းကမ်း ယာဉ်စည်းကမ်း ချိုးဖောက်သော ယာဉ်များအား ဒဏ်တပ်ခြင်းများ ပြုလုပ်သင့်ပါတယ်။ လမ်းစည်းကမ်း ယာဉ်စည်းကမ်းများကို ယာဉ်မောင်းသူများသာမက လမ်းပေါ်လှုပ်ရှားသွားလာနေသူ ပြည်သူအားလုံး နားလည်သဘောပေါက်စေရန် ပညာပေးပြုလုပ်ခြင်းများကိုလည်း ထိထိရောက်ရောက်ပြုမူသင့်ပါတယ်။ ယာဉ်မောင်းလက်မှတ်များ ထုတ်ပေးမည်ဆိုပါက ထိုယာဉ်မောင်းသည် ကျွမ်းကျင်မှုရှိမရှိကို သေချာ စမ်းစစ်သင့်ပါတယ်။ အထူးသဖြင့် အများပြည်သူများ သယ်ယူပို့ဆောင်ရေးတွင် မောင်းနှင်သော သူများကို ကျွမ်းကျင်မှုသာမကဘဲ ကျန်းမာရေးစစ်ဆေးမှုများလည်း ပြုသင့်ပါတယ်။

ကားမောင်းနေရင်း သတိလစ်ခြင်း ၊ တက်ခြင်းများဖြစ်လာပါက မည်မျှပင် ကျွမ်းကျင်သည်ဆိုစေကာမူ အန္တရာယ်နှင့်တွေ့ကြုံနိုင်ချေရှိပါတယ်။ ဤနည်းများဖြင့် ယာဉ်ကြောင့်ဖြစ်ပွားသော မတော်တဆမှုများ သိသိသာသာလျော့နည်းသွားစေနိုင်ပါတယ်။ ပန်းတိုင်းပွင့်လန်းနိုင်ကြပါစေ။ လူသားတိုင်း မတော်တဆဆိုသည့် ကံကြမ္မာဆိုးမှ လွတ်ကင်းနိုင်ကြပါစေ ဆန္ဒပြုရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်အပ်ပါတယ်ရှင်။

Author : Dr.မေ
ကျန်းမာရေးဆိုတာ အချိန်နေရာမရွေး ဖောက်ပြန် ပျက်စီးနိုင်ပါတယ်။ ဒီလိုအခြေနေမျိုးနဲ့ ကြုံလာတဲ့အခါ စိတ်ပူပင်စရာမျိုးစုံနဲ့ရင်ဆိုင်ရသလို အကူညီတွေလိုအပ်လာမှာပါ။ ဒါတွေကိုရင်ဆိုင်ဖို့အတွက်ကူညီပေးမယ့် ကျန်းမာရေးအာမခံဆိုတာရှိနေပါပြီ။ အသေးစိတ်သိရှိလိုပါက အောက်ကပုံ( link ) ကို နှိပ်ကြည့်ပါ။