နှလုံးကိုထိခိုက်စေနိုင်သော မကောင်းတဲ့ အမူအကျင့်များ

 

အသက်ရှင်ဖို့အတွက် နှလုံးက အရေးကြီးမှန်း လူတိုင်းနီးပါး သိပါတယ်။ လူငယ်ကောင်လေးတွေဆိုရင် ကောင်မလေးတွေကို ချစ်ရေးဆိုရာမှာ “မင်းကကိုယ်ရဲ့ အသည်းနှလုံးလေးပါ။ မင်းမရှိလို့ မဖြစ်ဘူး။ (You are my heart. I can’t live without you)” စသဖြင့် အလွန်အကြူး တင်စားပြီး အတိသယဝုတ္ထိအလင်္ကာ မြှောက်စွာပြောလေ့ရှိပါတယ်။

အသက်ရှင်ဖို့အပြင် ကျန်းမာဖို့အတွက် ကျန်းမာပြည့်စုံတဲ့ နှလုံးရှိဖို့ လိုပါတယ်။ ဒီဘက်ခေတ်မှာ အစားသောက်အနေထိုင်တွေ မမှန်လို့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ အဖြစ်များလာကြပါတယ်။ ဒါကြောင့် ဘယ်လိုအစားသောက် နေထိုင်မှု အကျင့်တွေက သင့်နှလုံးကို ထိခိုက်ပျက်စီးစေနိုင်လဲ ဆိုတာကို တင်ပြချင်ပါတယ်။

၁။ ဆေးလိပ်သောက်ခြင်းသို့မဟုတ် ဆေးလိပ်သောက်သူနဲ့ နီးကပ်စွာနေခြင်း

ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ငွေ့ရှူခြင်းသည် အဆုတ်ကိုသာ ထိခိုက်စေနိုင်တာ မဟုတ်ပါ။ နှလုံးအပါအဝင် တစ်ကိုယ်လုံးရှိ အင်္ဂါအစိတ်အပိုင်း အားလုံးနီးပါးကို ထိခိုက်စေပါတယ်။ သင်ဟာ ဆေးလိပ်သောက်သူ တစ်ယောက်ဆိုရင် သင်သောက်တဲ့ ဆေးလိပ်ဟာ သင့်ကို ထိခိုက်စေရုံသာမက သင့်ပတ်ဝန်းကျင်နဲ့ တခြားသူတွေကိုပါ ထိခိုက်စေတယ်ဆိုတာကို သတိထားမိဖို့ လိုပါတယ်။

၂။ အရက် အလွန်အကျွံသောက်ခြင်း

တချို့လေ့လာမှုတွေက အရက်အနည်းငယ်သောက်တာဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုစေတယ်လို့ပြောပေမယ့် အများကြီးသောက်တတ်သူဆိုရင်တော့ သွေးပေါင်ချိန်တက်တာတွေ၊သွေးတွင်း အဆီတက်တာတွေ၊ နှလုံးခုန် မမှန်တာတွေ ဖြစ်တတ်ပါတယ်။

၃။တီဗွီ သို့မဟုတ် ကွန်ပျူတာ သို့မဟုတ် ဖုန်းတွေကို အချိန်ကြာကြာကြည့်ခြင်း(အထိုင်များခြင်း)

အထိုင်များတာဟာ နှလုံးရုတ်တရက်ထိခိုက်မှုနဲ့ ပျက်စီးမှုကို ဖြစ်စေနိုင်တယ်လို့ သုတေသနပညာရှင်တွေက ပြောထားပါတယ်။ လှုပ်ရှားမှု မရှိတာကြောင့် သွေးထဲမှာ အဆီနဲ့ သကြားဓါတ်တွေ စုပုံလာလို့ပါ။

၎။ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် မလုပ်ခြင်း

ဒါဟာ နံပါတ်၃နဲ့ ခပ်ဆင်ဆင်ပါပဲ။ အားကစား လေ့ကျင့်ခန်း တစ်ခုခုကိုပြုလုပ်ဖို့ အချိန်ဆွဲနေသူတွေ သို့မဟုတ် လုံးဝမလုပ်တဲ့သူတွေမှာ နှလုံးနဲ့ပတ်သက်တဲ့ ပြသာနာတွေ အဖြစ်များပါတယ်။ တချို့တွေက လေ့ကျင့်ခန်းကို ကောက်ရိုးမီးလို အချိန်အတိုင်း အတာတစ်ခုလောက်တော့ အားသွန်ခွန်စိုက်လုပ်လိုက်ပြီး နောက်ပိုင်းအကြောင်းအမျိုးမျိုးပြကာ တစ်နှစ် နှစ်နှစ်လောက်ထိ လုံးဝမလုပ်ဘဲ ရပ်တန့်လိုက်တတ်ကြပါတယ်။ ဒါမျိုး မလုပ်သင့်ပါ။ နေ့တိုင်း မိနစ်နှစ်ဆယ်လောက် ပုံမှန်လမ်းလျှောက်တာမျိုး၊ လေ့ကျင့်ခန်းတစ်ခုခု လုပ်တာမျိုးလုပ်သင့်ပါတယ်။

၅။အဆီအဆိမ့်၊ အငန် အလွန်အကျွံ စားသုံးခြင်း

အဆီအဆိမ့်၊ အငန်တွေ အလွန်အကျွံ စားတာဟာ နှလုံးရောဂါကို လက်ယက်ခေါ်နေသလိုပါပဲ။ အဆီအဆိမ့်အငန်တွေ အလွန်အကျွံစားရင် ရေရှည်မှာ အဝလွန်တာ၊ နှလုံးသွေးကြောကျဉ်းတာနဲ့သွေးတိုးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

၆။တစ်နှစ်တစ်ခါ သို့မဟုတ် ပုံမှန် medical check up မလုပ်ဘဲမိမိကိုယ်ကို ကျန်းမာသည်ဟု ထင်နေခြင်း

နှလုံးသွေးကြောရောဂါတွေဟာ တစ်ခါတစ်လေမှာ ဘာလက္ခဏာမှမပြဘဲ ရုတ်တရက်ဖြစ်လို့ စစ်ဆေးကြည့်မှသာ သိရှိတတ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေးမပြေလည်တဲ့သူတွေ ကလည်းငွေကြေးအခက်အခဲကြောင့်၊ စီးပွားရေးပြေလည်တဲ့ သူတွေကျတော့လည်း အချိန်မရှိဘူး အလုပ်တွေရှိသေးတယ် မအားဘူးစတဲ့ ဆင်ခြေတွေနဲ့ ပုံမှန်ကျန်းမာရေး စစ်ဆေးတာမျိုးကို လုပ်တဲ့သူဆိုတာ အလွန်ရှားပါတယ်။ တခြားဟာတွေ မစစ်နိုင်ဘူးဆိုရင်တောင်မှ သွေးဖိအား (သွေးပေါင်ချိန်)၊ သွေးတွင်းအဆီဓါတ်၊ ကိုယ်အလေးချိန် စတာတွေကို အမြဲစစ်ဆေး ထိန်းသိမ်းဖို့လိုပါတယ်။

၇။သွားနဲ့ ခံတွင်းသန့်ရှင်းမှုမရှိခြင်း

သုတေသနတွေအရ ခံတွင်းထဲမှာရှိတဲ့ ပိုးမွှားအချို့ကြောင့် နှလုံးရောဂါကို ဖြစ်စေတတ်တယ်လို့ပြောထားပါတယ်။ သွားကိုပုံမှန်မတိုက်ဘူးစေရင် သွားပိုးစားရာကနေတဆင့် ပိုးဝင်ပြီး နှလုံးရောင်ရမ်းတာ Infective Endocarditis ဆိုတာဖြစ်တတ်ပါတယ်။ အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။အနည်းဆုံး မနက်တစ်ကြိမ် ညတစ်ကြိမ် သွားသေချာတိုက်ပါ။

၈။ ဟင်းသီးဟင်းရွက် သစ်သီးဝလံ အစားနည်းခြင်း သို့မဟုတ် မစားခြင်း

နှလုံးကျန်းမာစေဖို့ဆိုတာဟာ အစားသောက်ပေါ်မှာ အများကြီး မူတည်ပါတယ်။ ဟင်းသီးဟင်းရွက် သစ်သီးဝလံ၊ ကောက်ပဲသီးနှံ၊ အစေ့အဆန်တွေကို များများစားပေးခြင်းဟာ နှလုံးရောဂါဖြစ်ပွားမှုကို ၂၀ ရာခိုင်နှုန်းနီးပါး လျှော့ချပေးနိုင်တယ်လို့ သုတေသနတစ်ခုက ပြောထားပါတယ်။

၉။စိတ်ဖိစီးမှု များခြင်း၊ ဒေါသကြီးခြင်း

စိတ်ထောင်းရင် ကိုယ်ကြေဆိုသကဲ့သို့ စိတ်ညစ်စရာတွေများရင်၊ စိတ်ဖိစီးစရာတွေများရင်၊ ဒေါသကြီးရင် နှလုံးကို ထိခိုက်နိုင်ပါတယ်။ ထိုအချိန်တွေမှာ နှလုံးက အရမ်းပို အလုပ်လုပ်ရလို့ပါ။ စိတ်ညစ်စရာ၊စိတ်ဖိစီးစရာ၊ ဒေါသထွက်စရာတွေဟာ လူတိုင်းကြုံတွေ့နိုင်ပေမယ့် ကြုံတဲ့အချိန်မှာ ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတာကိုမသိရင် ကြာလာတာနဲ့အမျှ နှလုံးကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

သုတေသနတွေ အရကတော့ ရယ်မောတာ၊ သူငယ်ချင်းသို့မဟုတ် မိသားစုကိုရင်ဖွင့်တာဟာ စိတ်ဖိစီးမှုအတွက် အကောင်းဆုံးဖြေရှင်းနည်း တစ်မျိုးဖြစ်တယ်လို့ ပြောထားပါတယ်။

Author: Dr. 528