ကလေးမရခြင်း

အိမ်ထောင်ပြုတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာကြလို့ပါ။ တစ်အိုးတစ်အိမ်နဲ့ မိသားစု သိုက်သိုက်ဝန်းဝန်း ဖြစ်ချင်ကြလို့ပါ။ အိမ်ထောင်သည်ဖြစ်လာရင် ချက်ချင်းမဟုတ်တောင် တစ်ချိန်ချိန်တော့ သားသမီးလိုချင်လာတတ်ကြပါတယ်။ လိုချင်တဲ့အခါ ကလေးမရရင်စိတ်ဆင်းရဲတတ်ကြတယ်။ ငါ့အပြစ်လား၊ သူ့အပြစ်လားတွေးတတ်ကြတယ်။ ဘာကြောင့်ကလေးမ ရကြတာလဲ။

ကလေးမရဘူးဆိုတဲ့နေရာမှာ တားနည်းတစ်စုံတစ်ရာမှမသုံးဘဲ တစ်နှစ်ကျော်လောက်ပုံမှန်လိင်ဆက်ဆံနေကြ ပါလျက်နဲ့ က လေးမရတဲ့အခါမှဆိုလိုတာပါ။ တစ်ခါမှမရဘူးတာလား။ ပထမကလေးရပြီးမှ ထပ်မရတော့တာ လား လည်းရှိတတ်ကြပါတယ်။

နှစ်ယောက်လုံးနဲ့ဆိုင်တဲ့အချက်တွေကတော့ အတူနေတဲ့အခါအဆင်မပြေခြင်းတွေ၊ အတူနေတဲ့ရက် အပိုင်းအခြားနဲ့အတူနေပြီး ရေဆေးမိခြင်းတွေနဲ့လည်း ဆိုင်တတ်တယ်။ နှစ်ယောက်စလုံးမှာ စိတ်ဖိစီးမှုတွေများနေရင် လည်းဖြစ်နိုင်တယ်။

အမျိုးသားကြောင့်ဖြစ်နိုင်တဲ့အချက်တွေက သုက်လွှတ်မြန်နေခြင်း၊ သုက်လွှတ်ပေမယ့်နောက်ပြန်စီးနေခြင်း၊ သုက်ပိုးလုံးဝမပါ ခြင်း၊ သုက်ပိုးမပြည့်မီခြင်း၊ မွေးရာပါဝှေးစေ့မပါခြင်း၊ သေးခြင်း၊ ပိုးဝင်ဖူးခြင်း၊ ထိခိုက်ဒဏ်ရာရ ဖူးခြင်း၊ ခွဲစိပ်ဖူးခြင်း၊ ဓာတ်ရောင် ခြည်ခံဖူးခြင်း၊ ဂနိုရောဂါနဲ့ TB ရောဂါများ၊ တချို့သောဆေးတွေစွဲသောက်နေရ ခြင်းတွေကြောင့် ဖြစ်နိုင်တယ်။

အမျိုးသမီးတွေကြောင့် ဖြစ်နိုင်တဲ့အချက်တွေက သားဥမကြွေခြင်း၊ သားဥအိမ်နဲ့ဆိုင်တဲ့ရောဂါများ၊ သားဥပြွန် ပိတ်နေခြင်း၊ မွေး ရာပါသားအိမ်မပါခြင်း၊ သားအိမ်တွင်အလုံးရှိနေခြင်း၊ သားအိမ်တွင်ခေါင်းချွဲမြှေးမရှိခြင်း၊ ပြစ်လွန်းခြင်း၊ မိန်းမကိုယ်လမ်း ကြောင်းပိတ်ခြင်း စတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ အရင်ကခွဲစိပ်ဖူးတာတွေရှိခဲ့ရင် လည်း အတွင်းကအင်္ဂါအစိတ်အပိုင်းတွေ တစ်ခုနဲ့တစ်ခုကပ်နေတတ်တယ်။ အဲလိုအခါတွေမှာလည်း ကလေးရဖို့ နှောင့်နှေးတတ်တယ်။ တချို့တွေကြတော့ ဟော်မုန်းဆိုင် ရာရောဂါတွေကြောင့် ဖြစ်နိုင်တယ်။

ကလေးမရနိုင်လို့စစ်ဆေးရင် အမျိုးသားရောအမျိုးသမီးရောစစ်ဆေးရတယ်။ နှစ်ယောက်စလုံးမှာ သွေးစစ်၊ ဆီးစစ်၊ ဓာတ်မှန် ရိုက်၊ ultrasound ရိုက်ဖို့လိုတယ်။ ဟော်မုန်းတွေလည်းစစ်ဖို့လိုရင် စစ်ရမယ်။ အမျိုးသားတွေ သုက်ပိုးစစ်ဖို့လိုတယ်။ အမျိုးသမီး တွေ သားဥကြွေမကြွေ၊ သားဥပြွန်ပိတ်မပိတ်စစ်ရတယ်။ နှစ်ယောက်လုံးလို အပ်ရင်အသားစတွေ စစ်ဖို့အထိလုပ်ရတတ်တယ်။

ကလေးမရတဲ့အကြောင်းကိုရှာပြီးမှ ရနိုင်လား၊ မရနိုင်ဘူးလား သိရမှာပါ။ တချို့ကကုလို့ရတယ်။ ကလေးပြန်ရနိုင်တယ်။ တချို့ ကျတော့လည်း မရနိုင်တော့ဘူး။ ကလေးမရသေးတဲ့ အိမ်ထောင်သည်တွေက သားဖွားမီးယပ် အထူးကုတွေနဲ့တိုင်ပင်ပြီး စစ်ဆေးဖို့လိုပါတယ်။ လိုအပ်လာရင်အထူးကု သမားတော်တွေနဲ့ပါ တိုင်ပင်ရပါမယ်။

Author – Dr. CST