ကလေးငယ်ခေါင်းချွေးထွက်ခြင်း

မိခင်များအနေနဲ့ မိမိကလေးငယ် ချစ်စဖွယ် အိပ်နေပုံကြည့်ပြီး နတ်သမီးလေး အိပ်နေသကဲ့သို့ထင်ကြပါတယ်။ မိမိတရေးနိုး၍ သမီးငယ်၊သားငယ်သည် ချွေးများရွဲနေလျှင် အလွန်ပင် စိုးရိမ်မှု မြင့်တက်လာကြပါတယ်။ ညဘက်ကလေးငယ် ချွေးထွက်နေခြင်းသည် ပုံမှန်ဟုတ်မဟုတ် Ondrမှာ စိုးရိမ်စွာမေးတတ်ကြပါတယ်။

ညဘက်ချွေးထွက်ခြင်းဆိုသည်မှာ ကလေးငယ်များ အိပ်နေစဉ်အတောအတွင်း ကလေးငယ်များ အလွန်အမင်းချွေးထွက်ခြင်းကို ဆိုလိုပါသည်။ အိပ်နေစဉ် ကလေးငယ်ချွေးထွက်ရသော အဖြစ်များသောအကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁)မွေးရာပါ နှလုံးရောဂါရှိခြင်း
မွေးရာပါ နှလုံးရောဂါရှိသူမျာသည် အထူးသဖြင့် အိပ်နေစဉ် ချွေးထွက်များတတ်ပါတယ်။ အဆိုပါကလေးငယ်များသည် စားနေစဉ် ကစားနေစဉ်တွင်လည်း ချွေးထွက်များတတ်ပါတယ်။ ကလေးငယ် တစ်ရာနှစ်ဆယ်ငါးယောက်မှာ တစ်ယောက်နူန်း ခံစားရတတ်ပါတယ်။ ကလေးငယ်တွင် နှလုံးဖွံဖြိုးမှု ချို့ယွင်းချက်ရှိသောကြောင့် ဖြစ်ပါတယ်။

(၂)အိပ်နေစဉ်အသက်ရှူရပ်ခြင်း
ကလေးငယ်များတွင် အိပ်နေစဉ်အသက်ရှူရပ်ခြင်းသည်လည်း အဖြစ်များဆုံး အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ကလေးငယ်သည် အသက်ရှူနေစဉ် စက္ကန့်၂၀ခန့် အသက်ရှူရပ်သွားလျှင် ချွေးထွက်များစေပါတယ်။ ကလေးငယ်ရဲ့ကိုယ်ခန္ဓာသည် အသက်ရှူရန် ခက်ခဲသောအခြေအနေကို ရင်ဆိုင်ရသောကြောင့် ဖြစ်ပါတယ်။ အိပ်နေစဉ် အသက်ရှူရပ်ခြင်းသည် လမစေ့သောကလေးငယ်များတွင် အဖြစ်များတတ်ပါတယ်။ အသက်ရှူရပ်ခြင်းအပြင် ကလေးငယ်သည် အသားအရေပြာခြင်း၊တရွှီရွှီမြည်ခြင်းစသော လက္ခဏာများပါ ခံစားရတတ်ပါတယ်။

(၃)ရုတ်တရက် ကလးငယ်သေဆုံးခြင်း
ကလေးငယ်သည် အိပ်နေစဉ်အပူချိန်လွန်ကဲစွာခံစားရပြီး ကလေးငယ်သည် နှစ်ခြိုက်စွာအိပ်မောကျသောအဆင့်ရောက်ကာ ပြန်လည်နိုးရန် ခက်ခဲမှုကိုဖြစ်စေပါတယ်။

(၄)အပူဒဏ်မခံနိုင်ခြင်း
ကလေးငယ်သည် အခန်းအပူချိန်အေးနေသော်လည်း ချွေးထွက်နေရခြင်းမှာ လွန်ကဲစွာ အပူဒဏ်မခံနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ခေါင်းချွေးထွက်ခြင်း ခြေဖဝါးလက်ဖဝါး ချွေးထွက်နေခြင်းများ ဖြစ်တတ်ပါတယ်။ ထိုအခြေအနေမျိုးသည် စိုးရိမ်စရာမရှိတတ်ပါ။ ချွေးတိတ်အောင် အဆင့်ဆင့်လုပ်ပေးဖို့ပဲလိုတာပါ။

ညဘက်ချွေးထွက်ခြင်းကို ပြေလည်သက်သာစေသောနည်းလမ်းများမှာ
(၁)အခန်းအပူချိန်စစ်ဆေးခြင်း
ကလေးငယ်ချွေးထွက်မှု သက်သာစေရန် အခန်းအပူချိန်ကို အေးမြအောင် ထားပေးပါ။ သင်ပူနေလျှင်ကလေးငယ် ပိုပူနိုင်သောကြောင့် မလိုအပ်သာ စောင်များ အနွေးထည်များ ဖယ်ရှားပြီး သက်တောင့်သက်သာအိပ်စေပါ။

(၂)ရေဓာတ်ဖြည့်တင်းပါ
ချွေးထွက်ခြင်းကြောင့် ကလေးငယ် ရေဓာတ်ဆုံးရှုံးနိုင်သောကြောင့် ကလေးငယ်ကို ရေဓာတ်ပိုမိုရရှိအောင် အရည်ပိုတိုက်ပါ။

(၃)အဝတ်အစားရွေးချယ်မှုမှန်ပါစေ
ကလေးငယ် သက်တောင့်သက်သာအိပ်စေရန် အဝတ်အစား ပွချောင်စွာ ဝတ်ဆင်ပေးပါ။ အိပ်ခန်းအတွင်း မီးရောင် ဖျော့တော့စွာထွန်းပါ။

စဉ်းစားရန်အချက်များ
-သင့်ကလေးငယ်သည် အထက်ပါအချက်များပြုလုပ်ပေးသော်လည်းချွေးထွက်မြဲ ဖြစ်ခဲ့သော် ဖြစ်နိုင်သောအကြောင်းရင်းရောဂါကို ရှာဖွေကုသသင့်ပါတယ်။
-ကလေးငယ်သည် ချွေးထွက်ခြင်းအပြင် သွားကြိတ်ခြင်း၊ ဟောက်ခြင်း၊ ခေါင်းစောင့်ခြင်းစသောအပြုအမူများပါ တွဲ ဖြစ်လျှင် ကလေးအထူးကုနှင့် သေချာစွာပြသစစ်ဆေးရန် လိုအပ်လာပါလိမ့်မယ်။

ခေါင်းချွေးဘာလို့ထွက်သလဲ?
ကလေးငယ်သည် အခြားသောကိုယ်ခန္ဓာအစိတ်အပိုင်းများချွေးမထွက်ပဲ ခေါင်းချွေးပဲထွက်နေသည်ကိုသတိထားကြပါလိမ့်မယ်။ အဓိက အကြောင်းပြချက်ကတော့ ခေါင်းတွင်ရှိသော ချွေးဂလင်းသည် အခြားသောနေရာထက် ပိုမိုတုံ့ပြန်မှုရှိသောကြောင့်ဖြစ်ပါတယ်။ ကလေးငယ်ပူသည်ဟု ခံစားရသည်နှင့် ခေါင်းချွေးဦးစွာ ထွက်လေ့ရှိပါတယ်။

ကလေးငယ်ရဲ့ခေါင်းသည် တစ်နေရာတည်း တည့်မတ်စွာအိပ်လျှင် ပိုထွက်တတ်ပါတယ်။ အချို့အခြေအနေတွင် ခေါင်းချွေးထွက်များကာ အရေပြား ခြောက်သွေ့နေလျှင် ကျောက်ကပ်အားနည်းနေသည်ဟု ယူဆရနိုင်၍ အမြန်ဆုံး ကလေးအထူးကုနှင့် ပြသသင့်ပါတယ်။

Author : Dr. ပြည့်ရှင်း