ဆီးကျောက်တည်ခြင်းကို မပေါ့ဆသင့်ပါ

ဆီးကျောက်တည်ခြင်းရောဂါ ဖြစ်ပွားမှုသည် တစ်နေ့တစ်ခြားများလာပါသည်။ ဆီးကျောက်တည်ခြင်းကြောင့် ငွေကုန်၊ လူပန်းပြီး ဒုက္ခရောက်ကြပါသည်။ ကြိုတင်သိရှိပါက ဝေဒနာသက်သာသော်လည်း နောက်ကျမှ သိရှိပါက ပြင်းထန်စွာခံစားရပါသည်။ ထို့ကြောင့် ဆီးကျောက်တည်ခြင်းကို မပေါ့ဆသင့်ပါ။

ဆီးကျောက်တည်ခြင်းသုံးမျိုး
ဆီးကျောက်တည်ခြင်းကို ကျောက်တည်သောနေရာကို မူတည်ပြီး သုံးမျိုးခွဲခြားနိုင်ပါသည်။ ကျောက်ကပ်ထဲတွင် ကျောက်တည်ခြင်းသည် ကျောက်ကပ်နှင့် ဆီးအိမ်ကို ဆက်သွယ်ထားသော ဆီးပြွန်ထဲတွင် ကျောက်တည်ခြင်းသည် ဒုတိယအများဆုံး ဖြစ်ပါသည်။ ဆီးအိမ်ထဲတွင် ကျောက်တည်ခြင်းသည် တတိယအများဆုံးဖြစ်ပါသည်။

ဆီးကျောက်တည်ခြင်း လက္ခဏာများ
ဆီးကျောက်တည်သောနေရာကိုလိုက်ပြီး ရောဂါလက္ခဏာသည် အနည်းငယ်ကွဲပြားပါသည်။ အဓိက လက္ခဏာမှာ နာကျင်ခြင်းဖြစ်ပါသည်။ ကျောက်ကပ်တွင် ဖြစ်ပါက ခါးတွင် နာတတ်ပါသည်။ ကျောက်ကပ်ပြွန် (ဆီးပြွန်) ထဲတွင်ဖြစ်ပါက ဝမ်းဗိုက်၏ ဘယ်ညာတစ်ဖက်တစ်ချက်တွင် နာတတ်ပါသည်။ ဆီးအိမ်တွင် ကျောက်တည်ပါက ဆီးခုံနာတတ်ပါသည်။ ဆီးသွားသောအခါတွင် နာကျင်တတ်ပါသည်။ ထိုနောက် ဆီးထဲတွင် သွေးပါလာနိုင်ပါသည်။ ထို့အပြင် ဆီးထဲတွင် ပိုးဝင်ခြင်း ဝေဒနာကို ခံစားရနိုင်ပါသည်။

ဆီးကျောက်တည်ခြင်းကို ကုသခြင်း
ဆီးလမ်းကြောင်းထဲတွင် ကျောက်တည်ရာတွင် ကျောက်အရွယ်အစားသည် ဝ.၅ စင်တီမီတာခန့်သာရှိပါက များသောအားဖြင့် အလိုအလျောက် ကျသွားနိုင်ပါသည်။ သို့ရာတွင် ၎င်းအရွယ်အစားထက် ကြီးလာမည်ဆိုပါက ကျောက်တုံးကလေးများသည် ဆီးလမ်းကြောင်းတွင် ပိတ်ဆို့ပြီး နာကျင်မှုလက္ခဏာများ ပေါ်လာတတ်ပါသည်။ ကျောက်တည်ခြင်းကို စောစောသတိထားမိပါက ကျောက်ခြေ၍ရသော အရွယ်အစားအလိုက် လွယ်ကူပျောက်ကင်းနိုင်သော်လည်း လွန်စွာနောက်ကျပါက ကျောက်ခြေစက်များနှင့် မခြေနိုင်တော့ပါ။ ထပ်ခါတလဲလဲ ကုသရပါသည်။

ကျောက်ခြေစက်ဖြင့် မခြေနိုင်ပါက ခွဲစိတ်ပြီး ထုတ်ပေးရသည်အထိ ဖြစ်တတ်ပါသည်။ ကျောက်ကပ်ထဲမှ ကျောက်များသည် ၂.၅ စင်တီမီတာထက် ကျော်သွားပါက များသောအားဖြင့် ကျောက်ချေစက်ဖြင့် မချေနိုင်ပါ။ ကျော်အပဲ့အစများသည် အလွယ်တကူမထွက်နိုင်သောကြောင့် အကြိတ်များစွာ ပြုလုပ်ရပါသည်။
ဆီးပြွန်ထဲမှ ကျောက်များသည် (၁) စင်တီမီတာထက် ကျော်သွားပါက ကျောက်ချေစက်ဖြင့် မချေနိုင်ပါ။ ဆီးပြွန်သည် ကျဉ်းသွားခြင်းကြောင့် ပိုမိုခက်ခဲတတ်ပါသည်။
ဆီးအိမ်ထဲတွင် (၁) စင်တီမီတာခန့်ရှိသော ကျောက်ကို ချေနိုင်သော်လည်း ၂.၅ စင်တီမီတာထက်ကျော်သွားပါက ချေရန်မကောင်းခြင်းကြောင့် ခွဲစိတ်ကုသရသော အဆင့်ထိ ရောက်သွားတတ်ပါသည်။

ကြိုတင်ကာကွယ်ခြင်း
ကျောက်ဖြစ်မှုကို များစေသော ချဉ်ပေါင်ရွက်၊ ခရမ်းချဉ်သီး၊ လက်ဖက်ရည်ခါးခါး၊ စတော်ဘယ်ရီသီးနှင့် အချိုများ ထုံးဓာတ်များစေ၍ အလွန်အကျွံ မစားသင့်ပါ။ ဆီးပျစ်ပါက (သို့မဟုတ်) ဆီးနည်းပါက အနည်ထိုင်မှု ပိုများစေပြီး ကျောက်တည်တတ်၍ ဆီးကျဲအောင် ရေများများသောက်ပေးရပါမည်။ အသည်း၊ အမြစ်၊ ကလီစာနှင့် မှိုများသည် ယူရစ်အက်ဆစ်များပြီး ကျောက်တည်တတ်၍ ဆင်ဆင်ခြင်ခြင် စားရပါမည်။ ဆီးကျောက်တည်ခြင်းကို မပေါ့ဆဘဲ ကြိုတင်ကာကွယ်သင့်ပါသည်။

Author :ဒေါက်တာကောင်းစံ, Healthcare Journal vol 8,no 14