အမှတ်တရ လည်ချောင်းနာခြင်း

မနက်ခင်းရဲ့ နေရောင်ခြည်နဲ့ တူတူ အိပ်ယာထစမှာ အဆင်မပြေတာ တစ်ခုကို ကြုံလိုက်ရတယ်။ လည်ပင်းထဲမှာ နေရတာတစ်မျိုးကြီးရယ်။ တစ်စို့စို့ကြီးလိုလို၊ ခြောက်ကပ်နေတာလိုလိုနဲ့ အတင်းမြိုချဖို့ ကြိုးစားကြည့်တော့ တစ်ခါမြိုချဖို့အရေး တော်တော် အနာခံလိုက်ရတယ်။

ကိုယ့်အဖြစ်ကို ဘယ်အချိန်တည်းက သိနေလဲမသိတဲ့ ခင်ပွန်းသည်က
‘ခင် ဘာဖြစ်လို့လဲ မောင်ကြည့်နေတာကြာပြီ။ နိုးလာတည်းက မျက်နှာကြီးကို ရှုံ့မဲ့နေတာပဲ။ နေမကောင်းဘူးလား’။
‘ လည်ချောင်းထဲကနာနေလို့ မောင်။ တံတွေးတောင် မနည်းမြိုချရတယ် ‘

မနေ့ညနေက လင်မယားနှစ်ယောက် ပျော်ပျော်ပါးပါးနဲ့ လူတွေကြားထဲ တိုးပြီး ဘုရားပွဲဈေးလျှောက်ခဲ့ကြတာကို သတိရလိုက်တယ်။ နှစ်ယောက်သား ရဟတ်စီး အကြော်မျိုးစုံလျှောက်စား ကြံရည်လည်းသောက်ရင်း တစ်မေ့တစ်မောနဲ့ အိမ်ပြန်ရောက်တော့လည်း ရေအေးချိုးလိုက်သေးတယ်။

 

ဒါတွေပြန်စဉ်းစားရင်း
‘ မနေ့က အစားစုံသွားတာတွေကြောင့်လား မသိဘူးနော် ‘
‘ အစားတင်ဘယ်ကမလဲ။ ပြန်လာတော့လည်း ရေချိုးသေးတယ်လေ။ လည်ချောင်းနာတာမပြောနဲ့ ဖျားတောင် ဖျားနိုင်သေးတယ်။ ‘

ပြောလည်းပြော လက်တစ်ဖက်ကလည်းနဖူးပေါ်ရောက်လာပြီး
‘တော်သေးတာပေါ့ အဖျားမရှိလို့’
‘ မောင်ကလည်း ဘယ်အချိန်တည်းက အပြစ်ပြောဖို့ စောင့်နေလဲမသိဘူး။ မဖျားတာသိတယ်။ လည်ချောင်းပဲနာနေတာ သက်သာအောင်လုပ်ပေးဖို့တော့ စိတ်မကူးဘူး’
‘ မဟုတ်ပါဘူး ခင်ရယ်။ မောင်လည်း စစချင်းဆိုတော့ ဒီလိုပဲပြောမိသွားတာပါ။ ဘာကြောင့်ဖြစ်နိုင်တယ်ဆိုတာကိုစဉ်းစားမိလိုက်လို့ပါ။ အပြစ်ပြောတာမဟုတ်ပါဘူး’။

‘လည်ချောင်း က မြိုချရင် တော်တော်နာနေတာပဲ။ နည်းနည်းသက်သာရင် ကောင်းမယ်။ ဆေးရုံလည်းသွားရဦးမယ်။ မောင် ဘာလုပ်ပေးမလဲ။’
‘ ဟောဗျာ၊ ခင်က ဆရာဝန်လေ။ မောင်က ဘာလုပ်တတ်မှာလဲ။’
‘ဆရာဝန် ဆိုပေမယ့်လည်း အခု ဖြစ်နေတာက မောင့်မိန်းမလေ။ သက်သာဖို့ တစ်ခုခု လုပ်ပေးပါ။’
‘ ဟုတ်ပါပြီဗျာ။ ဆရာဝန်တွေလည်း နေမကောင်းဖြစ်နိုင်တာပဲနော်။ တစ်ခြားသူတွေတော့ မသိဘူး။ ဒါပေမယ့် အိမ်ကဆရာဝန်ကတော့ နေမကောင်းဖြစ်ပြီဆို ရစ်တတ်လွန်းလို့ လုပ်ပေးပါ့မယ်ဗျာ။’

‘ ရစ်နေတာမှမဟုတ်ဘဲ တကယ်ဖြစ်နေတာကို’
‘ အင်းပါ။ မောင်ကစနေတာပါ။ မောင်ဆားနဲ့ရေနွေးစပ်ပေးမယ်။ သေချာပလုတ်ကျင်း အာခေါင်ထဲထိရောက်အောင်ကျင်း။ ရေလည်းများများသာက်ပေး။ ရိုးရိုးရေပဲသောက်။ ရေခဲရေလုံးဝမရဘူးနော်။’
‘အင်းပါ၊ သိပါတယ်။’
‘ သိရင်လည်းထတော့၊ ဆေးရုံနောက်ကျမယ်။ မျက်နှာသစ် မောင် မနက်စာပါ ပြင်ပေးမယ်။’

‘ အံမယ် တကယ်ကြီးလား’
‘ တကယ်ပါ၊ ခင်က နေမကောင်းဖြစ်နေတာလေ။ မောင်နေမကောင်းတုန်းကလည်း ခင်ပဲ အပင်ပန်းခံပြီး လုပ်ပေးခဲ့တာပဲ။’
‘ ဒါဆိုလည်းပြီးရော’
စိတ်ထဲမှာတော့ တော်တော်လေးကျေနပ်သွားမိတယ်။ လုပ်စရာရှိတာတွေလုပ်ပြီး မနက်စာစားဖို့ လာတော့
‘ခေါက်ဆွဲကို သေချာ နူးနေအောင် ပြုတ်ပေးထားတယ်။ ခေါက်ဆွဲပြုတ်လည်းစား။ ရေလည်းများများသောက်၊ ဆေးလည်းသောက်ရမယ်။’
‘မောင်လည်း တစ်ခါတည်းလာစားတော့ နောက်ပြီး ခင့်ကိုလိုက်ပို့ရဦးမယ်။ ‘
‘လာမယ် ခဏ မောင်ဆေးရှာနေလို့’

‘ဘာဆေးရှာနေတာလဲ’
‘ ခင့်အတွက်လေ လည်ချောင်းနာတဲ့သူတွေ ငုံဆေးငုံရတယ် တဲ့။ ခင်က ပူတာသိပ်မကြိုက်တော့ မပူတဲ့ငုံဆေး ရှာနေတာ။’
‘ မရှာနဲ့တော့မောင်။ အရင်လာစားတော့ ခင့်ဆေးအိတ်ထဲမှာ ရှိတယ်။ ပူလည်းမပူဘူး။ ခင်ပြီးမှ ယူလိုက်မယ်။’
‘ သြော် ဆေးအိတ်ထဲမှာလား။ မောင်က အိမ်သုံးဆေးတွေထဲထင်နေတာ လာပြီ လာပြီ။’

ခဏကြာတော့ ဘေးမှာဝင်ထိုင်ပြီး ဆေးကဒ်ကိုပါ လှမ်းပေးရင်း
‘ရော့ ဒီမှာ ငုံဆေး အစားစားပြီး သေချာငုံလိုက်ဦး’
‘ ရပါပြီမောင်ရယ် ခင့်ဘာသာဆက်လုပ်လိုက်ပါ့မယ်’
ဒီလောက်ထိ လိုက်လုပ်ပေးနေတဲ့ ခင်ပွန်းသည်ကို အားနာသလိုတောင်ဖြစ်လာလို့ ပြန်တားရပေမယ့် သူကတော့
‘မရဘူး။ ညနေပြန်လာလို့မှမပျောက်သေးရင်တော့ ဆေးခန်းတစ်ခုခုပြသင့်လည်း ပြကြည့်ရအောင်။’
‘ပျောက်ပါတယ် မောင်ရဲ့။ အခုတောင်တော်တော်သက်သာနေပြီ။ ချက်ချင်းမပျောက်လည်း တစ်ရက်နှစ်ရက်ပေါ့။’
‘တစ်ရက်နှစ်ရက်မလုပ်နဲ့၊ ချက်ချင်းပျောက်မှ’
‘ ဘာလို့လဲ ခင့် ကို စိုးရိမ်တယ်လား’
‘ မဟုတ်ပါဘူး။ ခင်ဖြစ်နေတာကြာရင် မောင့်ကို ကူးလာမှာစိုးလို့’
‘ သြော်၊ ခင်ကတော့ အကောင်းထင်နေတာ၊ မောင်က ဒီလိုကြေးလား၊ ရတယ်လေ’
‘ ဟားဟား မောင်ကစတာ၊ စိတ်မဆိုးနဲ့။ စိတ်ပူလို့ပြောတာပါ’
‘ဘာပဲဖြစ်ဖြစ်တော့ ဒီနေ့တစ်နေကုန် ဆေးရုံမှာ သေသေချာချာ ဂရုစိုက်ပါခင်။ ငုံဆေးလည်း ငုံဖို့မပျင်းနဲ့။ မကြောက်နဲ့နော်’
‘ အင်းပါ မောင်ရဲ့ ဒီငုံဆေးက အရမ်းလည်းမပူတော့ ခင် ငုံနိုင်ပါတယ်။ စိတ်ချပါ’

ညနေပိုင်း duty ပြီးတော့ ဆေးရုံရှေ့မှာ အသင့်စောင့်နေတဲ့ ခင်ပွန်းသည်ကိုမြင်တော့
‘ ဒီနေ့ မရောက်စဖူး ကြိုရောက်နေပါလား မောင်’
‘ဟုတ်တယ်။ ခင့်ကို စိတ်ပူလို့။ အခုရော ဘယ်လိုနေသေးလဲ’
‘ စိတ်ပူစရာမလိုပါဘူး မောင်ရယ်။ အခုလည်း မနက်နိုးကာစထက်စာရင် တော်တော်ကြီးသက်သာလာပြီး အစာမြိုချတာရေမြိုချတာလည်းမနာတော့ဘူး။ မောင့် ငုံဆေး အစွမ်းလည်းပါတာပေါ့။’
‘မောင့် ငုံဆေးမဟုတ်ပါဘူး။ ခင့် ဆေးအိတ်ထဲက ဆေးပါ’
‘ခင့်ဆေးအိတ်ထဲကပဲ ဖြစ်ဖြစ် မောင် ယူလာပေးတာပဲဖြစ်ဖြစ် ဒီငုံဆေးငုံလိုက်ရတာ လည်ချောင်းထဲ တော်တော် နေလို့ကောင်းသွားတယ်။ ဘာပဲဖြစ်ဖြစ် မောင့် စေတနာတွေအတွက်လည်း ကျေးဇူးပါ။’
‘ သြော် လင်နဲ့ မယားပဲ၊ တစ်ယောက် နေမကောင်း ဖြစ်ရင် နောက်တစ်ယောက်က ပြုစုရမှာပဲလေ။ မောင့်ကြောင့် ခင်သက်သာတယ်ဆို မောင်ကျေနပ်တာပေါ့။’
မောင်လည်း ကျေနပ်သလို
ခင်လည်း စိတ်ထဲမှာ ကြည်နူးမိရင်း…

Author : Dr. CST