ကိုယ်ဝန်ဆောင်နှင့် ကာကွယ်ဆေး

တုပ်ကွေးရာသီမှာကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးနားလည်ပြီး ထိုးဖို့ကြိုးပမ်းကြသော်လည်း ကိုယ်ဝန်ဆောင်သည်များ အဖို့ထိုးသင့်မထိုးသင့် Ondr မှာအမေးများကြပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ကလေးရောမိခင်ပါ အချို့ရောဂါပိုးများ ကူးစက်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးထားလျှင် ရောဂါပိုးများကို ကူးစက်မှု ကာကွယ်နိုင်လို့ ကြိုတင်ထိုးရန်အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးသင့်လား မထိုးသင့်လား ဘယ်လို ကာကွယ်ဆေးမျိုးက မထိုးသင့်လဲ နားလည်ဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်မဆောင်စဉ်ကတည်းက ကြိုတင်ထိုးထားသင့်သော ကာကွယ်ဆေးများ ရှိပါတယ်။

ကိုယ်ဝန်မဆောင်စဉ်ကြိုတင်ထိုးထားသင့်သော ကာကွယ်ဆေးများကတော့

(၁)တုပ်ကွေးရောဂါကာကွယ်ဆေး
တုပ်ကွေရောဂါ ကာကွယ်ဆေးသည် တစ်နှစ်တစ်ခါထိုးရန် လိုအပ်ပါသဖြင့် ကိုယ်ဝန်မဆောင်စဉ်ကြိုတင်ထိုးထားပါ။ သို့မှသာ မိခင်ရော ကလေးပါ တုပ်ကွေးဗိုင်းရပ်စ်ကို ကာကွယ်ပြီး ကလေးကို ပြင်းပြင်းထန်ထန်ထိခိုက်မှု့ကို ကာကွယ်ပါတယ်။

(၂)ကြွက်နို့ကာကွယ်ဆေး(HPV)
မိန်းမကိုယ်မှာပေါက်တတ်တဲ့ကြွက်နို့ကို ဖြစ်စေသော ဗိုင်းရပ်စ်ကာကွယ်ဆေးကို ကြိုတင်ထိုးထားသင့်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကိုလည်း ကာကွယ်ပေးပါတယ်။

(၃)ဝက်သက်၊ပါးချိတ်ရောင်၊ဂျာမန်ဝက်သက်(MMR)
အဆိုပါ ရောဂါ၃ မျိုးအတွက်လည်း ကိုယ်ဝန်မဆောင်ခင် ကြိုတင်ထိုးထားသင့်ပါတယ်။

(၄)ဆုံဆို့၊မေးခိုင်၊ကြက်ညှာချောင်းဆိုးရောဂါကာကွယ်ဆေး(Tdap)
ထိုရောဂါကာကွယ်ဆေးကို ကြိုတင်ထိုးထားခြင်ဖြင့် မိခင်ကိုကာကွယ်သလို ကလေးအတွက် မိခင်ချောင်းဆိုးခြင်းမှ ကူးစက်မှု့ကို ကာကွယ်ပေးနိုင်ပါတယ်။ ကြက်ညှာချောင်းဆိုးဟာ အလွယ်တကူ ကူးစက်တတ်ပြီး ကလေးအတွက် အရေးကြီးပါတယ်။

(၅)ရေကျောက်ကာကွယ်ဆေး
ကြိုတင်ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကိုယ်ဝန်ဆောင်စဉ် ထိုဗိုင်းရပ်စ်ကြောင့် မွေးရာပါ ချို့ယွင်မူ ကာကွယ်ပေးနိုင်ပါတယ်။

(၆)အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး
ကိုယ်ဝန်မဆောင်ခင် ကြိုတင်ထိုးထားခြင်းဖြင့် ကလေးငယ်အသားဝါရောဂါပိုးကူးစက်မှု့မရှိလို့ အသားဝါရောဂါ ဖြစ်နိုင်ချေ လျော့ပါလိမ့်မယ်။

(၇)အသည်းရောင်အသားဝါအေပိုးကာကွယ်ဆေး
မသန့်ရှင်းသော အစာအစားနှင့် ရေကြောင့်ကူးစက်တတ်ပါသဖြင့် ကြိုတင်ကာကွယ်ဆေးထိုးထားသင့်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ထိုးရ်ျရသောကာကွယ်ဆေး၂ မျိုးကတော့
(၁)တုပ်ကွေးရောဂါကာကွယ်ဆေး
အချို့တုပ်ကွေးရောဂါကာကွယ်ဆေးဥပမာ ဝက်တုပ်ကွေးကာကွယ်ဆေး သည် ကျန်းမာရေးကောင်းမွန်သော ကိုယ်ဝန်ဆောင်ထိုး လို့ရပါတယ်။

(၂)ဆုံဆို့၊မေးခိုင်၊ကြက်ညှာချောင်းဆိုးရောဂါကာကွယ်ဆေး(Tdap vaccine)
ထိုဆေးသည် ကိုယ်ဝန်အပတ် ၂၇ ပတ်နဲ့ ၃၆ ပတ်အတွင်းထိုးလို့ရပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မထိုးသင့်သော ကာကွယ်ဆေးများလည်းရှိပါတယ်။ အဆိုပါကာကွယ်ဆေးများသည် ကိုယ်ဝန်မဆောင်ခင် တစ်လအလို ကတည်းကမထိုးသင့်ပါ။ မထိုးသင့်တဲ့ကာကွယ်ဆေးများကတော့ တီဘီရောဂါကာကွယ်ဆေး BCG ၊ ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျာမန်ဝက်သက်ကာကွယ်ဆေးMMR၊ တိုက်ဖွိုက်ရောဂါကာကွယ်ဆေး၊ ရေကျောက်ရောဂါကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင်ကာကွယ်ဆေးနှင့် တုပ်ကွေးရောဂါကာကွယ် နှာခေါင်းဖြန်းဆေးတို့ဖြစ်ပါတယ်။

ကျန်းမာဖွံ့ ဖြိုးသောကလေးငယ် မွေးဖွားနိုင်ရန် ကိုယ်ဝန်မဆောင်ခင်နှင့်ကိုယ်ဝန်ဆောင်စဉ်ကာကွယ်ဆေးထိုးဖို့ နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် သေချာအသေးစိတ်ဆွေးနွေးပြသ ထိုးနှံသင့်ပါတယ်။ မိမိမှာဓာတ်မတည့်တဲ့ရောဂါရှိခဲ့ရင် ကာကွယ်ဆေးမထိုးခင်ကြိုတင်ပြောပြရန်လိုအပ်ပါတယ်။ဥပမာ ဆော်ဒါ၊ကြက်ဥတို့နဲ့မတည့်တာမျိုးပါ။

Author : Dr. ပြည့်ရှင်း